မျက်မှောက်ကာလ၌ ပြည်သူလူထု၏လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် အဓိကလိုအပ်သည့် သွင်းအားစုကြီးမှာ လျှပ်စစ်စွမ်းအင်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုဘဝအဆင်ပြေစေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေးအတွက် လျှပ်စစ်စွမ်းအား အပြည့်အဝရရှိရေးမှာအရေးကြီးသည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအားများ တိုးတက်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံ၏သဘာဝအရင်းအမြစ်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့တို့ကိုအသုံးပြု၍ နိုင်ငံတော်ဓာတ်အားပေးစနစ် မဟာဓာတ်အားလိုင်းများမှတစ်ဆင့် ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းကျဆင်းရေး၊ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လိုအပ်ချက်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးတို့ကြောင့် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား အပြည့်အဝမပေးနိုင်သေးဘဲ ၅၀ ရာခိုင်နှုန်းခန့်သာပေးနိုင်သေးသည်။ ထို့ကြောင့် အခြားသဘာဝနည်းလမ်းများဖြစ်သည့် နေရောင်ခြည်သုံး၊ လေအားသုံး၊ စပါးခွံလောင်စာသုံး စွမ်းအင်ရရှိရေးတို့ကို အားပေးမြှင့်တင်ဆောင်ရွက်နေသည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတွင်ပေါများစွာရရှိနေသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းများဖြစ်သော စပါးခွံကိုအသုံးပြု၍ တစ်နိုင်တစ်ပိုင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်သွားခြင်းသည် အထူးသင့်လျော်ပေသည်။ အထူးသဖြင့် စပါးအထွက်များသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကို ဒေသဆိုင်ရာအစိုးရများက ဒေသတွင်းရှိလုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ အကောင်အထည်ဖော်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရက သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရန်အတွက် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း MSME များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်တွင် ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာရေးကို အကောင်အထည်ဖော်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုမြှင့်တင်ရာတွင် သွင်းအားစုကြီးဖြစ်သည့် လျှပ်စစ်စွမ်းအင်သည် အဓိကလိုအပ်ချက်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်လာအောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးဖြစ်ထွန်းသောဒေသများတွင် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ လည်ပတ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာမီးလင်းရေး ဆောင်ရွက်နိုင်ခြင်း၊ MSME လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ခြင်း၊ လောင်စာအတွက်ကုန်ကျစရိတ်နည်းပါးခြင်း၊ ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးခြင်း၊ ဒေသတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ပြည်တွင်း၌ အသုံးပြုနေသည့် Gasifier များကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများရရှိရေး စက်မှုပညာရှင်၊ ဓာတုဗေဒပညာရှင်နှင့် လျှပ်စစ်ပညာရှင်များပေါင်းစပ်၍ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စပါးခွံလောင်စာသုံး Gasifier စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသဆိုင်ရာအစိုးရများက အားပေးကူညီဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် မြန်မာ Gasifier လုပ်ငန်းအုပ်စုများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတုအင်ဂျင်နီယာ လုပ်ငန်းအဖွဲ့များက Gasifier အသုံးပြုသည့် စက်ရုံ၊ အလုပ်ရုံများအတွက် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးပေးသွားမည်ဟု သိရသည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်နွှယ်ပြီး MSME လုပ်ငန်းရှင်များက စပါးခွံလောင်စာသုံး အသေးစား၊ အလတ်စားစက်ရုံများ ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပေါများကြွယ်ဝသည့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်း စပါးခွံများကိုအသုံးပြု၍ Gasifier လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် ဆောင်ရွက်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်လာရေးကို ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။