Skip to main content

နိုင်ငံတိုးတက်ရေး အသိတရားဖြင့် ရှုမြင်ပါဝင်

မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးကိုအကြောင်းပြု၍ ဖိအားပေးမှုများနှင့် ဂယက်ရိုက်ခတ်မှုများသည် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ အခက်အခဲနှင့်စိန်ခေါ်မှုများ မည်သို့ရှိသည်ဖြစ်စေ ပြည်တွင်းအင်အား၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလက ကုန်ထုတ်လုပ်မှုနှင့်စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းရပ်တန့်သွားခဲ့ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ ကုန်တင်သင်္ဘောလိုင်းများ ငှား၍မရခဲ့သောကြောင့် ပြည်ပကုန်သွယ်မှုကို ထိခိုက်စေခဲ့သည်။ အလားတူ ဘဏ်လုပ်ငန်းစနစ်များတွင်လည်း အဟန့်အတားဖြစ်ခဲ့သဖြင့် ငွေပေးချေမှုစနစ်တွင် နှောင့်နှေးမှုများဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ လှိုင်းဂယက်သည် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုအကြောင်းပြု၍ နောက်ပိုင်းကာလများတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုဖြစ်ပေါ်ပြီး ဆူပူဆန္ဒပြမှုများနှင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ရာ ကုန်ထုတ်လုပ်မှုများကျဆင်းခြင်း၊ ရပ်တန့်ခြင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် သင်္ဘောကုန်တင်ရန်လုပ်ငန်းများ ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများထိခိုက်ပြီး ပို့ကုန်များကျဆင်းခဲ့သည်။ ၎င်းကာလအတွင်း လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများကို အကြမ်းဖက်သမားများကဖျက်ဆီးခဲ့ရာ နိုင်ငံဖွံ့ဖြိုးရေးအတွက် သုံးစွဲရမည့်ငွေကြေးများကို ပြန်လည်တည်ဆောက်ရေးအတွက် သုံးစွဲခဲ့ရသဖြင့် လူမှုစီးပွားဘဝတိုးတက်မှုတွင် အဟန့်အတားဖြစ်စေသည်ကို ကြုံတွေ့လျက်ရှိသည်။

နိုင်ငံ့စီးပွားရေးတွင် ပြည်ပမှပိတ်ဆို့ဟန့်တားမှုများရှိခဲ့သည်။ ထိုသို့ ဝိုင်းဝန်းပိတ်ဆို့မှု၊ ဖျက်လိုဖျက်ဆီးပြုလုပ်မှုများကြားမှ နိုင်ငံ့စီးပွားရေးမယိုင်လဲဘဲ ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ့ဂျီဒီပီတိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့သည်။ အစိုးရတစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ခန့်စီရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေပြခဲ့သည်။ ၎င်းလိုငွေများကို ထောက်ပံ့ကူညီမှုနှင့် ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့ပြီး နိုင်ငံ့စီးပွားရေးဦးမော့လာအောင် ရုန်းကန်ကြိုးစားခဲ့ရသည်။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာလတွင် ထိခိုက်မှုများရှိခဲ့သော်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အထိခိုက်မခံဘဲဆက်လက်ဆောင်ရွက်ခဲ့သည့်အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး စီးပွားရေးတိုးတက်မှုရရှိအောင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လိုအပ်သည့်စားသုံးဆီကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ဝယ်ယူတင်သွင်းနေရသဖြင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမြှင့်တင်၍ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည့်အဆင့်ရောက်အောင် ရည်မှန်းဆောင်ရွက်နေသည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ နှောင့်ယှက်တိုက်ခိုက်မှုများမှာ မထိရောက်မအောင်မြင်သဖြင့် စီးပွားရေးအရ ထိုးနှက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအတွက် ရသင့်ရထိုက်သော နိုင်ငံခြားငွေများမရအောင် နည်းအမျိုးမျိုးဖြင့် တားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။ ပြည်သူလူထု စားဝတ်နေရေးကျပ်တည်းပြီး အစိုးရပြိုလဲ သွားစေနိုင်သည့်နည်းလမ်းများ အသုံးပြုမှုများရှိသည်။ ဖြစ်ပေါ်လာသောအခြေအနေတစ်ရပ်အပေါ်တွင် သတင်းမှားများဖန်တီးပြီး ကုန်ဈေးနှုန်းကို ဆွဲတင်ကြ သည်။ နိုင်ငံတော်အစိုးရက ဝင်ငွေနှင့်ထွက်ငွေ မျှတမှုရှိစေရေး၊ နိုင်ငံတော်နှင့်ပြည်သူ လူထုအတွက်အရေးကြီးသည့် ကုန်စည်တင်သွင်းခြင်းနှင့် လုပ်ငန်းများ ငွေကြေးလည်ပတ်မှုရှိစေရေး ဦးစားပေးဆောင်ရွက်ပေးခဲ့သော်လည်း အဓိကကျသည့် ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်နေဆဲဖြစ်သည်ကို သတိမူမိကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရပြီး စီးပွားရေးအရ ထိခိုက်မှုရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကို ကျော်လွှားကာ စီးပွားရေးပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံရေးအရ နှောင့်ယှက်ဟန့်တားမှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် “ငါတို့နိုင်ငံတော်အတွက်ဆောင်ရွက်နေသည် ဟူသော အသိတရားဖြင့် အားလုံးတက်ညီလက်ညီ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဆိုလျှင် ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကောင်းများ ရရှိနေပြီဖြစ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်