ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာကြီးတွင် ဝါဒရေးရာအရ နှစ်ခြမ်းကွဲခဲ့သည်။ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံများကို ဘုံရန်သူအဖြစ် အတူတိုက်ခဲ့ကြသည့် ဝါဒမတူသော ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်အပြီးတွင် လမ်းခွဲခဲ့ကြပြီး အပြိုင်အုပ်စုနှစ်စုအဖြစ် ပေါ်ထွန်းလာသည်။ စစ်ပြီးကာလ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာဆုံမှတ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့ကြီးအဖြစ် ပုံဖော်ခဲ့သည်။
ကုလသမဂ္ဂသည် အချုပ်အခြာအာဏာပိုင် နိုင်ငံအားလုံးတန်းတူရည်တူ ပါဝင်ခွင့်ရှိသည့် ကမ္ဘာ့စင်မြင့်ဖြစ်သော်လည်း စင်စစ်အားဖြင့် အုပ်စုနှစ်စု ယှဉ်ပြိုင်နေရာယူမှုသာဖြစ်ခဲ့ပြီး အမေရိကန်အုပ်စု၏ အသာစီးရယူထားမှုက ထင်သာမြင်သာရှိခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဆိုဗီယက်၊ တရုတ်ဟူ၍ဖြစ်ပြီး ကမ္ဘာ့ငွေရေးကြေးရေးနှင့် စီးပွားရေးတို့တွင်လည်း ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ GATT (နောင်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့)တို့မှာ အမေရိကန်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်သာ အဓိကရှိခဲ့သည်။ စစ်ပြီးကာလမှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်ကြာ အရှေ့အနောက်အုပ်စု နှစ်စုကြားမှ ပထဝီနိုင်ငံရေးတင်းမာမှုကို စစ်အေးတိုက်ပွဲဟုခေါ်ဆိုခဲ့ပြီး ဒွိဝင်ရိုးကမ္ဘာဟုဆိုသည့် ထိုခေတ်တွင်ကမ္ဘာကြီး၏ အစီအစဉ် (World Order) မှာ အမေရိကန်ကသာ ဦးဆောင်မှုနေရာတွင် ရယူထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် စစ်ရေးတွင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်းများကို ကြီးမားသည့် ဩဇာဖြင့်လွှမ်းမိုးထားသည့် နိုင်ငံ၊ နိုင်ငံတကာရေးရာများတွင် အရှိန်အဝါကြီးသည့် ကမ္ဘာ့နံပါတ်(၁)နိုင်ငံဖြစ်သော အမေရိကန်အနေဖြင့် ကမ္ဘာကြီးကိုမီဒီယာဖြင့်ပါ လွှမ်းမိုးထားနိုင်ခြင်းဖြစ်ရာ ကမ္ဘာတစ်ဝန်းလုံးရှိ သတင်းစားသုံးသူများမှာ အနောက်အုပ်စု မီဒီယာများ၏ သတင်းခန်းများမှ အာဘော်များကိုသာ ဆယ်စုနှစ်ပေါင်းများစွာ စားသုံးနေခဲ့ကြရသည်။ ငွေကြေးဓနအင်အား၊ နည်းပညာအင်အားဖြင့် ကမ္ဘာတစ်ခွင်ဖြန့်ကြက်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှဖြစ်ရပ်များကို သတင်းများအဖြစ် အနောက်မီဒီယာအသီးသီးမှ တင်ဆက်ကြရာတွင် လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို စံနှုန်းနှစ်မျိုးဖြင့် ဖော်ပြခဲ့ကြသည်။
မကြာသေးမီက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ တွင် ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် ဘရစ်စ်မီဒီယာဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်ဟွာသတင်းဌာနအကြီးအကဲက “ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မဟုတ်မဟတ်ယုံတမ်းပုံပြင်တွေနဲ့ အပ်ကြောင်းထပ်နေတဲ့ အကြောင်းအရာတွေကိုချည်းသာ အနောက်ကမ္ဘာမီဒီယာတွေက နှစ်ပေါင်းများစွာ တွင်တွင်ကြီးနှုတ်တိုက်ချပြောနေ တင်ဆက်နေကြောင်း၊ ဒီလိုလူထုအပေါ် လွှမ်းမိုးနေတဲ့ အယူအဆ အကြောင်းအရာတွေဟာ တရားမျှတမှုမရှိဘဲ တစ်ဖက်စောင်းနင်းအမြင်တွေဆီသို့ ဦးတည်စေပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ တိုးတက်မှုတွေ၊ အလားအလာကောင်းတွေကို ပိတ်ပင်တားဆီးမှုဖြစ်စေတဲ့ အဟန့်အတားများသာဖြစ်စေကြောင်း’’ ပြောကြားခဲ့သလို တောင်အာဖရိက ကိုယ်စားလှယ်ကလည်း ‘‘အပြည်ပြည်ဆိုင်ရာမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများနဲ့ ရင်ဆိုင်ကြရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ ယခုလို စုစည်းညီညွတ်မှုဟာ မျှော်လင့်ချက်တစ်စုံတစ်ရာပင်ဖြစ်ကြောင်း’’ ပြောကြားခဲ့သည်။ အာဖရိကအမျိုးသားကွန်ဂရက် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကလည်း မီဒီယာကို လက်နက်တစ်ခုသဖွယ်အသုံးချနေသည့် အန္တရာယ်ကိုရင်ဆိုင်ဖြေရှင်းရန်စုဆုံ၍ တစ်သံတည်းထုတ်ဖော်ပြောဆိုသည့် ဖိုရမ်အဖြစ် ချီးကျူးခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတို့ရှိ မီဒီယာများ အားကောင်းလာစေရန် လုပ်ဆောင်ဖို့လိုကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးကို အားကောင်းမောင်းသန် မောင်းနှင်နိုင်သည့် နိုင်ငံများအဖြစ် ရပ်တည်လာသည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည့် BRICS သည် ကမ္ဘာမြေပြင်၏ ၂၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ၏ ၄၁ ဒသမ ၅ ရာခိုင်နှုန်း ကို ကိုယ်စားပြုသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ဆက်လက်၍လည်း ကြီးထွားလျက်ရှိရာ ကမ္ဘာကြီး၏ အစီအစဉ် (World Order) ပြောင်းလဲလာနေခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။ ဘရစ်စ်၏ မီဒီယာဖိုရမ်များမှ ပေါ်ထွက်လာသည့် ရလဒ်များကမဝေးတော့သည့် အနာဂတ်တွင် ကမ္ဘာ့မီဒီယာအခင်းအကျင်းသစ်တစ်ခုကို ဆောင်ကြဉ်းပေးလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)