မိသားစုအသိုက်အမြုံကို ထိန်းသိမ်းမြှင့်တင်ပေးမည့်သူများ၊ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများသည် ယနေ့လူငယ်လူရွယ်များဖြစ်သည်။ အဖြူရောင်သက်သက် လူငယ်လူရွယ်များကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အသွေးတောက်ပြောင်အောင် ပျိုးထောင်ပေးနိုင်မှ မိသားစုနှင့် နိုင်ငံတော်၏ အနာဂတ်လင်းလက်တောက်ပြောင် ဝင့်ထည်လာမည်ဖြစ်သည်။
နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသည့်အချက် ချမှတ်ထားသည်။ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် စွမ်းအားပြည့် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန် လိုအပ်သည်။
ဗလငါးတန်ဟူသည် ကာယဗလ-ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှုစွမ်းပကား၊ ဉာဏဗလ- အသိဉာဏ်ပညာစွမ်းပကား၊ စာရိတ္တဗလ-ကိုယ်ကျင့်တရား ကျင့်ဝတ်သီလ စောင့်ထိန်းနိုင်မှုစွမ်းပကား၊ မိတ္တဗလ-ကောင်းသော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှုစွမ်းပကား၊ ဘောဂဗလ-ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုကို ဖန်တီးနိုင်မှုစွမ်းပကားတို့ဖြစ်သည်။ လူငယ်များသည် ပင်ကိုအားဖြင့် စွမ်းပကားမျိုးစုံပြည့်စုံ သောသူများဖြစ်ကြသော်လည်း တစ်မျိုးကောင်းသာပြည့်စုံပါက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာရေးကိုဆောင်ရွက်ရာ၌ ထိရောက်သော စွမ်းဆောင်နိုင်မှုစွမ်းပကား အပြည့်အဝရရှိမည်မဟုတ်ပေ။
လူငယ်လူရွယ်များဘဝတွင် အရေးအကြီးဆုံးအချက်မှာ စာရိတ္တဗလဖြစ်သည်။ စာရိတ္တကောင်းမွန်သော လူငယ်လူရွယ်ဖြစ်ပါမှ မိမိဘဝ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အား ရေရှည်တည်တံ့ခိုင်မြဲသည့် သာယာဝပြောမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အဖြူရောင်သက်သက် လူငယ်လူရွယ်ဘဝများကို အလွယ်တကူပျက်စီးစေရန် ပို့ဆောင်ပေးသောအရာမှာ စာရိတ္တပျက်ပြားခြင်းပင်ဖြစ်သည်။ အရက်သေစာ၊ မူးယစ်ဆေးဝါးများနှင့်အပျော်အပါးများသည် လူငယ်လူရွယ်များကို အလွယ်တကူပျက်စီးစေနိုင်သည်။ မိတ္တဗလကောင်းသော အဆွေခင်ပွန်းမိတ်ကောင်းဆွေကောင်းများနှင့် မကြုံတွေ့ဘဲ အပေါင်းအသင်းမှားသည်နှင့် လမ်းမှားသို့ရောက်နိုင်သည်။
ထို့ကြောင့် အသိဉာဏ်ပညာ ဆင်ခြင်တုံတရားများကိုရရှိနိုင်သော ပညာသင်ကြားနိုင်သည့် ဝန်းကျင်ကောင်းများနှင့် ဆရာသမားကောင်းများဖြင့် ဆည်းပူးသင်ကြား လေ့လာပွားများနိုင်ရန်လိုအပ်သည်။ ပညာကိုအားသွန်ခွန်စိုက် မလျှော့သောဇွဲလုံ့လဖြင့် ဆည်းပူးနိုင်ရန်နှင့် ပညာအခြေခံဖြင့် လုပ်အားတန်ဖိုးကို အပြည့်အဝလုပ်ဆောင်နိုင်ရန်အတွက် ကာယဗလ-ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ခွန်အားများပြည့်ဝနေစေရန်လိုအပ်သည်။ ထိုသို့ အဘက်ဘက်တွင် ပြည့်စုံလာသည်နှင့်အမျှ ကာယ၊ ဉာဏစွမ်းပကားများကို အပြည့်အဝအသုံးချကာ ဘောဂဗလ-ဥစ္စာဓနများ ပြည့်စုံကြွယ်ဝလာမည်ဖြစ်သည်။
ဗလငါးတန်ပြည့်စုံသည့် လူငယ်လူရွယ်များမွေးထုတ်ရာတွင် ဆရာ ဆရာမ များနှင့်မိဘအုပ်ထိန်းသူများသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိနေသည်။ ပညာကို အထူးဝါယမစိုက် ဆည်းပူးနေသော ယနေ့ကာလ၌ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များသည် ပညာသင်ကြားမှုနယ်ပယ်တွင် ပိုမိုထိတွေ့ နေရသဖြင့် ဆရာ ဆရာမများသည် အဓိကပို၍တာဝန်ရှိသည်။ ဆရာဆရာမများက ပညာတတ်မြောက်ရေးသာမက သွန်သင်ဆုံးမ လမ်းမှန်ညွှန်ပြမှုကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်ကအားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များ ပေါ်ထွက်လာမည်ဖြစ်သည်။ အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူနိုင်မည့် လူချွန်လူကောင်း၊ လူကောင်းလူတော်များ ဖြစ်လာပေမည်။
လက်ရှိတွင် နိုင်ငံ၏လူဦးရေစာရင်းအရ ပညာတတ်လူငယ်လူရွယ်များနည်းပါးပြီး ပညာရေးကဏ္ဍ နိမ့်ကျလျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာ၌ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာပြည့်စုံရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက လူငယ်များကိုအခြေခံသည့် အနာဂတ်ကိုဖန်တီးနိုင်ရန်နှင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် နိုင်ငံတော်၏ လက်ရှိပညာရေးအခြေအနေအရ ရည်မှန်းထားသည့် အနိမ့်ဆုံးအဆင့် KG+9 အဆင့် ပြီးမြောက်အောင်မြင်အောင် အကောင်အထည်ဖော်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူလူထုနှင့် နိုင်ငံတော်၏အနာဂတ်ပိုမိုတောက်ပသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)