Skip to main content

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခု ဝါခေါင်လပြည့်နေ့ဖြစ်သည်။ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု အစဉ်အလာအားဖြင့် အထွတ်အမြတ်ထားခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မေတ္တသုတ်တော်ကို ထုတ်ဖော်ဟောကြားခဲ့သည် တို့နှင့်စပ်လျဉ်း၍ မေတ္တာအခါတော်နေ့ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။ မေတ္တာအခါတော်နေ့တွင် မေတ္တသုတ်တော်ကို လွှမ်းခြုံဖြန့်ကြက်၍ မြန်မာပြည်တစ်ဝန်းလုံး ဘေးမသန်းဘဲ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ်အခါက ရဟန်းတော်ငါးရာတို့သည် ဝါဆိုဦးအခါ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများဆောင်ယူ၍ သပ္ပာယမျှတသည့် တောအုပ်တစ်ခုတွင် ပုရိမဝါဆိုကာ တရားအားထုတ်ကြလေသည်။ ထိုအခါ ရဟန်းတော်များ၏ သီလဘုန်းကံကြောင့် သစ်ပင်ဗိမာန်ထက်မှ ဆင်းပေးရသည့် နတ်အချို့က ရဟန်းတော်များ ထွက်ပြေးစေရန်ရည်ရွယ်လျက် အနံ့ဆိုးများလွှတ်ခြင်း၊ အသံဆိုးများဖြင့် အော်ဟစ်ခြင်းစသည့် ကြောက်မက်ဖွယ်ရာ အကြောင်းအခြင်းမျိုးစုံပြုလုပ်၍ ခြောက်လှန့်ခြင်းတို့ကို ပြုလုပ်လေသည်။

နတ်တို့၏နှောင့်ယှက်မှုများကြောင့် ရဟန်းတော်ငါးရာတို့သည် တရားရှုမှတ်၍မရတော့ဘဲ ဝါတွင်းကာလမှာပင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။ ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်ထံသို့ဆိုက်ရောက်ကြပြီး ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို လျှောက်ထားကြသည်။ မြတ်စွာဘုရားရှင်က ရဟန်းတော်များ မေတ္တာကမ္မဋ္ဌာန်းမပွားကြသည့်အတွက် ရုက္ခစိုးနတ်များနှင့်ရင်းနှီးမှုမရှိ၊ ချစ်ကျွမ်းမဝင်ဖြစ်ကာ နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြ၍ ရဟန်းငါးရာတို့အား မေတ္တာကမ္မဋ္ဌာန်းသင်ပြပေးတော်မူသည်။

ရဟန်းငါးရာတို့သည် မူလတောအုပ်သို့ ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့တွင် ပစ္ဆိမဝါ (ဒုတိယဝါ) ကပ်ကြသည်။ မြတ်စွာဘုရားရှင်သင်ပြသည့် အတိုင်း ရုက္ခစိုးနတ်များနှင့်တကွ အားလုံးသောသတ္တဝါဝေနေယျတို့အပေါ် မေတ္တာဖြန့်ကြက်ပို့လွှတ်ကြသည်။ ရဟန်းတော်တို့ ပို့လွှတ်သောမေတ္တာဓာတ်ကြောင့် နတ်များချစ်ခင်ကြည်ညိုလာသည်။ ရုက္ခစိုးအပေါင်း ပြုစုစောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းတော်ငါးရာတို့ ရဟန္တာဖြစ်လာကြသည်။ ရဟန်းတော်ငါးရာတို့ကို ဝါခေါင်လပြည့်နေ့၌ မေတ္တသုတ်ဟောကြားပေးသည်ကိုရည်ရွယ်၍ ဝါခေါင်လပြည့်နေ့ရောက်တိုင်း မေတ္တာအခါတော်နေ့အဖြစ် ပူဇော်ကြသည်။

မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများကင်းဝေးပြီး အေးချမ်းသာယာမှုအပေါင်းရရှိကာ ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ ‘မေတ္တာတရားသည် နေရာတိုင်း၌ ထွန်းတောက်ပါစေသတည်း ဟူသော အဓိဋ္ဌာန်ဖြင့် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော် မေတ္တာဗျူဟာအဖွဲ့၏ ဝါခေါင်လပြည့်နေ့အပါအဝင် နေ့စဉ်၊ လစဉ်၊ နှစ်စဉ် မေတ္တသုတ်ရွတ်ဖတ်ပူဇော်ခဲ့မှုများသည် နမူနာယူစရာဖြစ်သည်။

နှစ်စဉ်ဇန်နဝါရီလမှဇွန်လအထိ မေတ္တသုတ်တော်လာ နည်းပေါင်း ၅၆၁ နည်းဖြင့် မေတ္တာဓာတ်များ ဖြန့်ဝေပို့လွှတ်သည်။ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပဋိသမ္ဘိဒါမဂ်နည်းပေါင်း ၅၂၈ သွယ်ဖြင့် ဝေနေယျသတ္တဝါအပေါင်းတို့အပေါ် မေတ္တာဓာတ်များ ဖြန့်ဝေပို့လွှတ်ခဲ့ကြသည်။ မေတ္တာအခါတော်နေ့ကို တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ကျင်းပနိုင်အောင် ဆောင်ရွက်ခြင်းမျိုးမဟုတ်သော်လည်း ဗိုလ်တထောင်စေတီတော်၏ မေတ္တာဗျူဟာအဖွဲ့က ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အား အစဉ်အလာမပျက် ကျင်းပနိုင်ခြင်းကို အသိအမှတ်ပြု သာဓုခေါ်ဆိုရမည်ဖြစ်သည်။ မေတ္တာအခါတော်နေ့ကို ဝါခေါင်လပြည့်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူဇော်နိုင်ကြမည်ဆိုလျှင် မြန်မာပြည်တစ်ဝန်း ဘေးမသန်းဘဲ အေးချမ်းသာယာမှုကို ပေးစွမ်းနိုင်မည်မှာ ဧကန်ဖြစ်သည်။

သို့ဖြစ်ရာ မေတ္တာတရားများခေါင်းပါးလာသော မျက်မှောက်ကာလတွင် လူအချင်းချင်းနှိပ်စက်ခြင်းကင်းဝေးပြီး ဒေါသ၊ မောဟ၊ မာန်မာနများ ပါးလျားလျော့ပါးကာ အများသူငါသတ္တဝါတို့အပေါ် ကိုယ်နှင့်ထပ်တူချမ်းသာစေလိုသည့် မေတ္တာတရားများ ထွန်းကားလာအောင် ဤဝါခေါင်လပြည့်နေ့တွင် မေတ္တာတရားများ လွှမ်းခြုံပို့လွှတ်နိုင်ကြပါစေကြောင်း။       ။