Skip to main content

ပညာဖြင့် လူမှုဘဝ၊ ကျေးလက်ဘဝမြှင့်တင်

ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာ ဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ ပညာသည် ရွှေအိုးပမာ အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်းနှင့်တူသည်” “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်နှင့်တူသည်”ဟု သတင်းစာ ဆရာကြီးတစ်ဦး ပြောသကဲ့သို့ အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။

ပညာကို ငယ်စဉ်ကတည်းက ကြိုးစားသင်ကြားပြီး ပညာတတ်ပြီးလျှင်လည်း စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားအောင် ကြိုးစားအားထုတ် သင့်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည် နိုင်ငံသားများ စာတတ်အောင်၊ ပညာတတ်အောင် ကြိုးစားအားထုတ် နေကြသည်။ ပညာရည်မြင့်မားသော နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်လာကြပြီး ပညာရည်နိမ့်ကျသော နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။ လူတိုင်းလူတိုင်း ပညာတတ်မြောက်ခြင်းဖြင့် ထိုလူတို့၏ ဘဝပတ်ဝန်းကျင်ကို တိုးတက်တောက်ပြောင်လာအောင် ဖန်တီးနိုင်ပေသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာတတ်မှု၊ ပညာတတ်မှု၊ စာဖတ်မှုနည်းပါးနေသေးသောကြောင့်ဟု ဆိုနိုင်သည်။ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူအားလုံး စာတတ်မြောက်ရန်နှင့် အတန်းပညာ တတ်မြောက်ရန် လိုအပ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသတွင် အလယ်တန်းကျောင်း ၁၃၀၀၀ ကျော်၊ မူလတန်းကျောင်း ၂၀၀၀၀ ကျော်ရှိသည်။ မြို့ပေါ်တွင် အလယ်တန်းကျောင်း ၁၆၀၀ ကျော်၊ မူလတန်းကျောင်း ၃၀၀၀ ကျော် ရှိသည်။

အဆိုပါကိန်းဂဏန်းများအရ အလယ်တန်းကျောင်းများ၏ ကျေးလက်မြို့ပြ အချိုးမှာ ၈ : ၁ ရှိပြီး မူလတန်းကျောင်းအချိုးမှာ ၆ ဒသမ ၅ : ၁ ရှိသည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေ လူဦးရေမှာ ၇၂ ရာခိုင်နှုန်းခန့်ရှိသည်။ ကျေးလက်လူဦးရေများပြားသဖြင့် ပညာရေးကဏ္ဍကို ကျေးလက်တွင် ပိုမိုမြှင့်တင်ပေးထားသည်။ သို့သော် ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ နည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမိုများပြားသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းမှာ ကျေးလက်ဒေသတွင် ကျောင်းရှိသော်လည်း ကျောင်းနေရာခိုင်နှုန်းနည်းပါးခြင်းနှင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားမှု နည်းပါးနေသောကြောင့်ဖြစ်သည်။

အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲ၊ ပညာရေး အားပေးမှုအားနည်းချက်နှင့် အခြားလူမှုစီးပွားဘဝ အခက်အခဲအမျိုးမျိုးတို့ကြောင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေးအားနည်းနေသည်ကို တွေ့ရသည်။ “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာအတတ်ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူအားလုံး စာတတ်မြောက်ရန်နှင့်အတန်းပညာများ တတ်မြောက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၃)တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာတတ်မြောက်မှု၊ ပညာတတ်မြောက်မှုမှာ ကျေးလက်ဒေသများတွင် ပိုမိုနိမ့်ပါးနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝများ နိမ့်ကျနေလျက်ရှိသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပညာရေးနှင့် ပိုမိုအလှမ်းဝေးရသည့် အခက်အခဲများရှိနေသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး၊ ပညာတတ်ရေးသည် အရေးပါသောအချက်ဖြစ်သဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေး၊ ပညာတတ်မြောက်ရေးအတွက် ကောင်းမြတ်သော စေတနာများဖြင့် ဝိုင်းဝန်းဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပညာရေးကဏ္ဍမြင့်မားရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက် ပေးထားသော်လည်း အားနည်းချက်အမျိုးမျိုးကြောင့် ပညာသင်ကြားနိုင်မှု အားနည်းနေသဖြင့် စာတတ်မှု၊ ပညာတတ်မှုနှုန်းကိုမြှင့်တင်ပြီး လူမှုဘဝ၊  ကျေးလက်ဘဝ မြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)