Skip to main content

ပြည်ထောင်စုတည်ဆောက်ရေး အားလုံးပါဝင်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွလက်တွဲပြီး အေးချမ်းစွာနေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ သို့သော် တိုင်းတစ်ပါးလက်အောက် ကျွန်ဘဝရောက်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်တွင် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသော်လည်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်နေသည့်ဒေသများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းဆောင်ရွက်မပေးနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို ဒေသခံတိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။ လူတစ်စု၏ ဆင်ခြင်မြော်တွေးမှုမရှိသည့် ဆိုးကျိုးများကို ဒေသခံပြည်သူများကြုံတွေ့ ကြရသည်။ ပြည်သူလူထုအနေဖြင့် မိမိဒေသအကျိုး၊ နယ်မြေအကျိုးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်။

တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေဒေသများနှင့် တည်ငြိမ်အေးချမ်းမှုရှိသည့် နယ်မြေဒေသများကို နှိုင်းယှဉ်ကြည့်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများနှင့် တည်ငြိမ်အေးချမ်းမှုရှိသောဒေသများ၏ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်မှုတို့ များစွာကွာဟနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်ကြသူများအချင်းချင်း ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားနေသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားပြည်သူများအားလုံး လူမှုဘဝကွာဟမှုနည်းပါးအောင် အားလုံးစေတနာထား၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသအလိုက် တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ ယုံကြည်ချက်၊ ခံယူချက်မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်း ထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တိုင်းပြည်ငြိမ်းချမ်းရေးကို လွတ်လပ်ရေးရပြီးအချိန်မှစ၍ ခေတ်အဆက်ဆက် အစိုးရများက နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြသော်လည်း ယနေ့ထက်တိုင် ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းစသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခိုင်မာစွာလက်မှတ်ရေးထိုးခဲ့သည်။

NCA သည် နိုင်ငံတော်အစိုးရဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်၍ မည်သည့်အချိန်ကာလတွင်မှ ပျက်ပြယ်မှုမရှိ အမြဲတည်ရှိနေမည့်စာချုပ်ဖြစ်သည်။ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားခဲ့သည်ကို ကြားသိခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်သည်။ လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၈)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဟု သိရသည်။

သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည်ပြီး တိုင်းရင်းသားပြည်သူများအားလုံး တစ်ပြေးညီရရှိနိုင်မည့် အကျိုးစီးပွားများကို အလေးအနက်ထား၍ တိုင်းပြည်အပေါ်၌ စိတ်ကောင်းစေတနာကောင်းထားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒုက္ခဆိုးမွေများကို ခံစားနေကြရသည့် တိုင်းရင်းသားပြည်သူများအား စာနာထောက်ထား၍ တိုင်းရင်း သားပြည်သူများအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသည့်ဘဝ များပိုင်ဆိုင်နိုင်အောင် ခိုင်မာပြတ်သားစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။   ။