Skip to main content

နားလည်စာနာထောက်ထားမှုဖြင့် ပူးပေါင်းကူညီ

၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံနှင့် သဘောတူညီထားရှိချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့သော် နောက်ကွယ်မှအကြောင်းတရားများနှင့် ဖိအားပေးမှု၊ အကျပ်ကိုင်မှုများကြောင့် နေရပ်ပြန်ရေးအစီအစဉ်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးပေ။

မည်သို့ပင်ဖြစ်စေ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက နေရပ်စွန့််ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အဘက်ဘက်တွင် လိုလေသေးမရှိအောင် အသင့်ပြင်ဆင်ဆောင်ရွက်ထားသည်။ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သံတမန်အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအား ကွင်းဆင်းသွားရောက်လေ့လာခွင့်ပြုခဲ့ရာ မြေပြင်အခြေအနေများကို အမှန်အတိုင်းမြင်တွေ့ခဲ့ရပြီး ကောင်းစွာသဘောပေါက် နားလည်လက်ခံခဲ့ကြသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသွားသူများနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် အပေါင်းပါများ၊ ပြည်ပသတင်းဌာနများ၊ အကြမ်းဖက်သမားများက မမှန်မကန်သတင်းများ၊ ဖိအားပေးနှောင့်ယှက်မှုများကြောင့် အမှန်တရားနှင့်ဝေးကွာပြီး ကြန့်ကြာမှုများဖြစ်ခဲ့သည်။ မြေပြင်အခြေအနေမှန်များကို ပြည်ပမီဒီယာများက ရည်ရွယ်ချက်ရှိရှိချန်လှပ်ပြီး တစ်ဖက်သတ်လိုရာဆွဲ၍ မြန်မာနိုင်ငံဘက်မှ  ဆောင်ရွက်မှုများကြောင့် နေရပ်သို့မပြန်သေးကြောင်း ပုံဖျက်ပြောကြားနေကြသည်။ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်အကြီးအကဲက နိုင်ငံတော်၏အကျိုးစီးပွားကို မထိခိုက်ပါက နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဟု အတိအလင်း ပြောကြားထားသည်။

ပဋိပက္ခဖြစ်စဉ်အပြီး နေရပ်စွန့်ခွာသွားကြသူများအား ပြန်လည်လက်ခံရေး မူ(၅)ချက်ဖြစ်သည့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ၊ မိမိဆန္ဒအရပြန်လာမည့်သူ၊ ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ မှန်ကန်ကြောင်းထောက်ခံချက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ပါးသည် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူ၊ နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ရောက်ရှိပြီး မွေးဖွားသည့်ကလေးမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံး၏ထောက်ခံချက်တို့နှင့် ညီညွတ်ရမည်ဖြစ်သည်။ အဆိုပါမူ(၅)ချက်နှင့်အညီ ပြန်လည်လက်ခံရေးအတွက် လိုအပ်သည်များကို အားလုံးအသင့်ပြင်ဆင်ထားပြီးဖြစ်သည်။

လက်ခံရေးလုပ်ငန်းစဉ်အတွက် အဆင့်သုံးဆင့်သတ်မှတ်ထားပြီး ပထမဦးစွာ လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးပြီး နိုင်ငံသားဖြစ်မှုအတွက် စိစစ်ရေးကတ်ထုတ်ပေးပြီးနောက် နိုင်ငံသားဖြစ်ရန် ဆက်လက်လျှောက်ထားနိုင်သည်။ လုပ်ငန်းစဉ်များပြီးသည့်အခါ ပြန်လည်လက်ခံရေးစခန်းတွင် ခေတ္တထားပြီးနောက် လှဖိုးခေါင်ကြားစခန်းတွင် ထားရှိမည်ဖြစ်သည်။ ကြားစခန်းတွင် မိသားစုအလိုက်  နေထိုင် နိုင်ပြီး ဆန်၊ ဆီ၊ ဆား၊ အိုး၊ ခွက်၊ ပန်းကန်လိုအပ်သည်တို့ကို ဖြည့်ဆည်းပေးပြီးနောက် အမြဲတမ်းအခြေချနေထိုင်မည့်နေရာသို့ ပြောင်းရွှေ့ပေးမည်ဖြစ်သည်။

အမြဲတမ်းအခြေချနေထိုင်မည့်ဒေသတွင် ဆေးရုံ၊ ဆေးခန်း၊ ကျောင်းစသည့် ပညာရေး၊ ကျန်းမာရေးတို့ကို ဖြည့်ဆည်းပေးထားမည့်အပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ထောက်ပံ့မှုများလည်း ပြုလုပ်ပေးမည်ဖြစ်သည်။ ယခုမိုးရာသီကုန်ပြီး ခြောက်သွေ့ရာသီတွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး ရွာ ၂၀ တွင် အိမ်ခြေ ၁၀၀၀ စာအတွက် အသင့်ပြင်ဆင်ထားသည်။ ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်လာအောင် ကျော်လွှားသွားပြီး ကူမင်းသဘောတူညီချက်အရ ယခုနှစ်အတွင်း လူ ၇၀၀၀ လက်ခံရန်လျာထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအစီအစဉ်များကို အစောပိုင်းကတည်းက အသင့်ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း အနှောင့်အယှက်အမျိုးမျိုးကြောင့် အောင်မြင်မှုများမရရှိသေးသော်လည်း စေတနာမပျက်၊ တာဝန်မပျက်ကျေပွန်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လူမှုဘဝဆုံးရှုံးပျက်စီးမှုများကိုလည်း မူလအခြေအနေထက်သာလွန်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေရပ်စွန့်ခွာသွားသူများအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံး ဘဝလုံခြုံမှုအတွက် ရှေးရှုဆောင်ရွက်နေသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်မှ ပြည်သူများ ပိုမိုကောင်းမွန်သည့် လူမှုဘဝများကိုရရှိနိုင်စေရန် နိုင်ငံတော်အစိုးရက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂနှင့်အဖွဲ့အစည်းများ၊ နိုင်ငံများကလည်း နားလည်စာနာ ထောက်ထားမှုများဖြင့် လက်တွဲပူးပေါင်း ကူညီဆောင်ရွက်သင့်ပါကြောင်း။         ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)