နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက် ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်များပါအတိုင်း အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင် စီမံခန့်ခွဲမှု၊ လက်တွေ့ကျကျဆောင်ရွက်မှု၊ တက်ညီလက်ညီ အားကြိုးမာန်တက်ဆောင်ရွက်မှုတို့အပေါ်တွင် မူတည်၍ ရလဒ်အမျိုးမျိုးပေါ်ထွက်ခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အပေါ်တွင် အောင်မြင်မှုအတိုင်းအတာကို လေ့လာသုံးသပ်ကြည့်နိုင်သည်။ နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ လက်ငင်းအကျိုးစီးပွားများကို အလေးထား၍ နိုင်ငံတော်ရှေ့ခရီး တိုးတက်ဖြောင့်ဖြူးလာအောင် ချမှတ်ထားခြင်းဖြစ်သည်။ မှန်ကန်သောစေတနာနှင့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံ့တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း တိုးတက်မှုများ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
“နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသူများလည်းရှိကြောင်း၊ တစ်ဖက်မှ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်များနှင့်အညီ ကဏ္ဍပေါင်းစုံ၌ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်း၌ အကြမ်းဖက်အဖျက်သမားများ၊ ပြည်ပမှ ဖိအားပေး ပိတ်ဆို့မှုများ၊ ဘဏ်များပြိုလဲစေရန် ထိုးနှက်တိုက်ခိုက်မှုများ စသည်ဖြင့် အဘက်ဘက်၌ အနှောင့်အယှက်အန္တရာယ်များရှိခဲ့ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံ့စီးပွားထိခိုက်မှုမရှိစေရေး၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့ကို အလေးထားထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံ့တာဝန်မယူမီကာလအတွင်းက နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင် နှုန်းအထိ ကျဆင်းခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူချိန်မှစတင်၍ ပိတ်ဆို့နှောင့်ယှက်မှုများကြားမှ နိုင်ငံ့စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။
အများအမြင်တွင် နိုင်ငံရေး၊ စီးပွားရေး ပြိုလဲတော့မယောင် ထင်ယောင်ထင်မှား သုံးသပ်ခဲ့ကြသော်လည်း လက်တွေ့တွင် ထင်မြင်ထားသလိုမဟုတ်ဘဲ တိုးတက်ဖြစ်ထွန်းမှုများ အတိုင်းအတာတစ်ခုအထိ ရရှိလာခြင်းသည် နိုင်ငံတော်အစိုးရက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော်နိုင်မှု၊ တက်ညီလက်ညီ ပူးပေါင်းလက်တွဲဆောင် ရွက်နိုင်မှုများကြောင့်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာသောကြောင့် နိုင်ငံ့စီးပွားရေး အပေါင်းလက္ခဏာဆောင်လာခြင်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးအရ ပြည်ပမှ ထိုးနှက်မှုများကို ကျော်လွှားနေချိန်တွင် ပြည်တွင်းမှ ဝိသမလောဘသားအချို့၏ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ စနစ်တကျ စီမံခန့်ခွဲမှုနှင့် အရေးယူဆောင်ရွက်နိုင်မှုတို့ကြောင့် ယခုအခါ ကုန်ဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လက်ရှိအခြေအနေတွင် အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်မှုများကြောင့် စိုးရိမ်ဖွယ်ရာအနေအထားများ ရှိမည်ဖြစ်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား၊ နိုင်ငံတော်၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆီလျော်ကိုက်ညီမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သဖြင့် တိုးတက်မှုရလဒ်များ ဆောင်ကြဉ်းလာနိုင်ခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ လက်တွေ့ဆောင်ရွက်နိုင်မှုများကိုသိမြင်ပြီး ရှေ့ဆက်၍ အတူလက်တွဲ ဆောင်ရွက် သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်နှင့်အညီ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် တိုးတက်အောင်မြင်မှုများ ရရှိလာပြီဖြစ်ရာ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီဆောင်ရွက်ကြပြီး နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။