မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြည်ပမှ(ကူမင်တန်-တရုတ်ဖြူ)ကျူးကျော်မှုရှိခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားချိန်တွင် လက်နက်ကိုင်သောင်းကျန်းမှုများ အမြစ်တွယ်ကျန်ရစ်ခဲ့သည်။ အလားတူဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များ ပေါ်ပေါက်လာပြီး ဗကပများချုပ်ငြိမ်းသွားသော်လည်း လက်နက်ကိုင်ဆောင်သည့်ပြဿနာများ ယနေ့အချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သော တိုင်းရင်းသားဒေသများတွင် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရအင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ်အဖြစ်ရပ်တည်ခဲ့သည်။ နိုင်ငံချစ်စိတ်ဖြင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းအောင် တာဝန်သိစိတ်ဖြင့် ထမ်းဆောင်နေသော အဖွဲ့အစည်းများဖြစ်သည်။ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့၏နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး ကာကွယ်စောင့်ရှောက်ပေးနေသော အဖွဲ့အစည်းများဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုရမည်ဖြစ်သည်။
ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းကို ဆန်းစစ်ကြည့်မည်ဆိုပါက နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် နိုင်ငံရေးဝါဒ အမျိုးမျိုးကွဲလွဲမှုများရှိခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးဝါဒနှင့်ပတ်သက်၍ လျော့ပါးသွားခဲ့သည်။ သို့သော်တိုင်းရင်းသားရေးအရ ဖြစ်ပေါ်သည့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ရှိနေပြီး နယ်ချဲ့၏ဆိုးမွေဟု ဆိုရမည်ဖြစ်သည်။
တိုင်းရင်းသားရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ခွဲဝေပေးထားပြီး ဖြစ်သည်။ တိုင်းရင်းသားရေးနှင့်ပတ်သက်၍ ခွဲခြားမှုမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)တွင်လည်း အတိအကျပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဘာသာရေးကိုအကြောင်းပြု၍ သဘောထားကွဲလွဲမှုများ မဖြစ်သင့်ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် လိုလားချက်များနှင့်
အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်းဆိုကြရန်လိုအပ်သည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်အုပ်ချုပ်ရေးကို ဆောင်ရွက်ရာတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ညွှန်ပြထားသည်။ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကိုအခြေခံသည့် ဖက်ဒရယ်နှင့်ဒေသကိုအခြေခံသည့်ဖက်ဒရယ်ဟူ၍ရှိပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ် ကျင့်သုံးကြသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်သာလျှင် အသင့်တော်ဆုံးဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးတောင်းဆိုမှု အားနည်းနေသည်ကို တွေ့ရသည်။ တိုင်းရင်းသားရေးနှင့်ပတ်သက်၍ ဒေသအရေးသည် အဓိကကျပြီး ဒေသတည်ငြိမ်အေးချမ်းပါမှ ဒေသဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။
တိုင်းရင်းသားဒေသများသည် များသောအားဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိပြီး ပို့ကုန်သွင်းကုန်များကို နယ်စပ်ကုန်သွယ်ရေးဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ အရေးကြီးသောဒေသများဖြစ်သည်။ တိုင်းရင်းသားဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတည်ငြိမ် အေးချမ်းမှုရှိရန်လိုအပ်သည်။ ဒေသတွင်းရှိပြည်သူများအားလုံးသည် အေးချမ်းသာယာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်လိုကြသည်။ ထို့ကြောင့် နယ်မြေဒေသအလိုက် တိုင်းရင်းသားပြည်သူများနှင့်တစ်သားတည်းဖြစ်အောင် ရပ်တည်ရန်လိုအပ်ပြီးငြိမ်းချမ်းလိုသော စိတ်အရင်းခံဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွဝိုင်းဝန်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ငြိမ်းချမ်းရေးအတွက် ရှေးရှုဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်မှုကိုကြိုဆိုရမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်လာကြစေရန်လည်း ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။