Skip to main content

သတင်းအမှန်များ သိရှိနိုင်ရေး အလေးအနက်ဆောင်ရွက်ရန်လို

အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ ပုံပျက်ပန်းပျက် မှားယွင်းသောသတင်းများထွက်ပေါ်ပျံ့နှံ့နေခြင်းက မိမိတို့နိုင်ငံအတွက် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။ နည်းပညာကုမ္ပဏီ၊ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများကဲ့သို့ အယောင်ဆောင်ထားသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများမှာ အရှေ့တောင်အာရှနိုင်ငံအချို့၌တည်ရှိနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဥပဒေစိုးမိုးမှု အလှမ်းဝေးသည့်နယ်စပ်ဒေသများ၌ တည်ရှိနေကြသည်။

အဆိုပါ ရာဇဝတ်ဂိုဏ်းများမှာ အွန်လိုင်းမှငွေကြေးလိမ်လည်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံတကာမှအလုပ်ရှာဖွေနေသည့် လူငယ်လူရွယ်များကို လစာငွေကြေးပမာဏများစွာပေးမည်ဟု လိမ်လည်ခေါ်ယူကြပြီး အဓမ္မအလုပ်ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း စသည်တို့ကြောင့် လူကုန်ကူးမှုများနှင့်ပါဆက်စပ်နေကြသည်။ အွန်လိုင်းဂိမ်းများနှင့် လောင်းကစားလုပ်ငန်းများ၊ နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဝင်ငွေများရရှိနေကြပြီး တစ်စတစ်စကြီးထွားလာသော အွန်လိုင်းရာဇဝတ်မှုခင်းများက နိုင်ငံအသီးသီးမှ လူ့အဖွဲ့အစည်းများကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြစ်သည့်အလျောက် နိုင်ငံများပူးပေါင်း၍ ဖော်ထုတ်နှိမ်နင်းမှုများကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတည်ရှိနေသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများမှာ အဓိကကြိုးကိုင်သူများသည် မြန်မာနိုင်ငံသားများမဟုတ်ကြဘဲ “ကျားဖြန့် ဟုခေါ်သော အဆိုပါလိမ်လည်မှု လုပ်ငန်းများအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသားအများစုမှာလည်း လုပ်ခလစာဖြင့်ဖြားယောင်း၍ လိမ်လည်စုဆောင်းခံရသူများဖြစ်ကြသည်။ အွန်လိုင်းရာဇဝတ်ဂိုဏ်းများသည် ငွေကြေးလိမ်လည်မှုမပြုလုပ်လိုသူများ၊ နေ့စဉ်အနည်းဆုံးရှာဖွေရမည့် သားကောင်အရေအတွက်ကို ရအောင်မရှာဖွေနိုင်သူများ၊ လိမ်လည်သည့်အလုပ်မှထွက်ပြေးသူများကို ရက်စက်စွာညှဉ်းပန်းနှိပ်စက်မှုများလည်း ကျူးလွန်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခံရသူများတွင် မြန်မာနိုင်ငံသားများသာမက နိုင်ငံအသီးသီးမှ လိမ်လည်စုဆောင်းခံခဲ့ရသူများလည်းပါဝင်သည်။

မြန်မာ့အိမ်နီးချင်း ချစ်ကြည်ရင်းနှီးသောနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းအမှားများပျံ့လွင့်လျက်ရှိရာ တရုတ်လူမျိုးများ၏အမြင်တွင် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု စသည့်ရာဇဝတ်မှုများ ဖြစ်ပေါ်လျက်ရှိသည့်နေရာအဖြစ် လွဲမှားစွာသိမြင်နေကြရာ “ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်သည့်သတင်းများအပေါ် မှားယွင်းစွာနားလည်နေကြခြင်းပင်ဖြစ်သည်။ တရုတ်ကျောင်းသားများ ပြန်ပေးဆွဲခံရခြင်း၊ လူကုန်ကူးခြင်း၊ တရုတ်ခရီးသည်များထံမှ ကျောက်ကပ်များထုတ်ယူခြင်း စသည့်အွန်လိုင်းသတင်းများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံကို အထင်အမြင်လွဲမှားလျက်ရှိရာ သတင်းအမှန်များ သိမြင်နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်သည်။

တရုတ်နိုင်ငံအစိုးရသည် မကြာမီက တရုတ်နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပသို့ ခရီးသွားလာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား ထည့်သွင်းထားရာ တရုတ်လူမျိုးများအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းအမှန်များသိရှိနိုင်ရန်မှာ ပို၍ပင်အရေးကြီးသည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်နေသည့် အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှုများကို မြန်မာနိုင်ငံက တားဆီးထိန်းချုပ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသော၊ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းကိုထိခိုက်စေသော အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှိမ်နင်းရေးနှင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် သတင်းအမှန်များ သိရှိနိုင်ရေးတို့ကို အလေးအနက်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။