နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်က အဓိကကျသည်။ သဘာဝသယံဇာတမည်မည်ရရမရှိစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ပြင်းထန်ပြီး ထိရောက်ထက်မြက်သည့် အစိုးရ၏ ဦးဆောင်မှု၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သောလူ့စွမ်းအားအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်ခဲ့သော နိုင်ငံများဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။
“ခေတ်နောက်ကျသောနိုင်ငံတစ်ခု၏ စီးပွားရေးကို တိုးတက်အောင်ပြုလုပ်ရာတွင် အခြေခံကျသောအကြောင်းတရားမှာ ယင်းနိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံးအသုံးပြုရန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးဖွံ့ဖြိုးမှုသည် လူသားဆိုင်ရာလုပ်ငန်းတာဝန်ကြီး တစ်ရပ်ပင်ဖြစ်ပြီး လူသားတို့၏ အစွမ်းအစများကို တက်ကြွသောအင်အားများ (Dynamic Force)အဖြစ် စုစည်းဖော်ဆောင်ပေးနိုင်မှသာ အောင်မြင်နိုင်ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသော အမျိုးသားရေးစိတ်ဓာတ်အားမာန် (Strong National Will- power) ရှိရန်လိုအပ်သကဲ့သို့ ယင်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲနိုင်သည့်အရည်အချင်းနှင့် အရည်အသွေးများလည်း ပြည့်စုံနေရန်လိုအပ်သည်။” ဟု တောင်ကိုရီးယား သမ္မတဟောင်းပတ်ချုံဟီး(၁၉၆၃-၁၉၇၉)က ၎င်းရေးသားသည့် “နိုင်ငံတစ်ခုတည်ဆောက်ရေး” တွင် ဖော်ပြခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင်သဘာဝသယံဇာတ အရင်းအမြစ်များပြည့်စုံကြွယ်ဝရုံမျှဖြင့် မလုံလောက်ဘဲ အဆိုပါအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရန်အတွက် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်နှင့် တစ်ချိန်တည်းမှာပင် လူသားအရင်းအမြစ်များကို ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်များ ပြည့်ဝလာစေရန်လည်း မွေးမြူပေးဖို့လိုမည်ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားစသည့် အာရှနိုင်ငံများ ထိပ်တန်းအဆင့်သို့တက်လာနိုင်သည်မှာ ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်ကြောင့်ပင်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်အားနည်း ချွတ်ယွင်းလျှင်မူ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမှ တိုးတက်နိုင်မည်မဟုတ်သည်ကိုလည်း သတိချပ်ကြရန်လိုသည်။
မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိနေသည့် လူသားအရင်းအမြစ်များကို တက်ကြွသောအင်အားများအဖြစ်စုစည်းကာ အကျိုးရှိထိရောက်စွာအသုံးပြုရန်နှင့် အနာဂတ်နိုင်ငံတော်အတွက်လည်း မျိုးဆက်သစ်များကို စဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်သွားကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်ပါဝင်လျက်ရှိပြီး အဆိုပါဦးတည်ချက်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် မြှင့်တင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
နိုင်ငံ၏အနာဂတ်တွင် အကျိုးရလဒ်များ အကောင်းဆုံးဖော်ဆောင်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှု၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။ ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၊ အသိပညာ၊ အတတ်ပညာကျွမ်းကျင်ပြီး အမျိုးသားရေးစိတ်ဓာတ်အားမာန် ခိုင်မာအားကောင်းသည့် မျိုးဆက်သစ်များ အင်အားကြီးမားစွာပေါ်ထွန်းလာရေး ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ မိဘများအပါအဝင် ဝိုင်းဝန်းကြိုးပမ်းကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)