မကြာသေးမီရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အလုပ်ရှင်ကဆေးရုံသို့ မပို့ပေးဘဲ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း လူမှုကွန်ရက်သတင်းများ၌ တွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ် သမားအရေအတွက်ကို သုံးသန်းမှငါးသန်းခန့်အထိခန့်မှန်းကြပြီး သေချာသည့်အချက်မှာ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လုပ်ကိုင်နေသူများက အများစုဖြစ်နေခြင်းပင်ဖြစ်သည်။ အထက်ဖော်ပြပါဖြစ်စဉ်၌ သေဆုံးခဲ့သူမြန်မာရွှေ့ပြောင်းအလုပ်သမားမှာလည်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားဖြစ်သည်ဟု သတင်းများကဆိုသည်။
ပြည်ပနိုင်ငံများသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင်မှုများသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင်စတင်ခဲ့ရာ ယင်းကိစ္စများစနစ်တကျဖြစ်စေရန်၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရန်အတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေကို ၁၉၉၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ လိုင်စင်ရပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီမှတစ်ဆင့် သာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ပသို့အလုပ်သမားများ စေလွှတ်ကြရသည်။ အကျိုးဆောင်အေဂျင်စီများအနေဖြင့် ၎င်းတို့စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှစ၍ ဆိုက်ရောက်ရာနိုင်ငံများတွင် လုပ်ငန်းခွင်ဆိုင်ရာပြဿနာများ၊ အလုပ်ရှင်အလုပ်သမားမပြေလည်မှုများ၊ လုပ်ခလစာနှင့် ခံစားခွင့်တို့နစ်နာဆုံးရှုံးမှု များ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ စသည်တို့အပါအဝင်ထူးခြားသည့်ဖြစ်စဉ်ဖြစ်ရပ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ပြီး သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမားသံအရာရှိများနှင့် ပူးပေါင်း၍ဆောင်ရွက်ပေးကြရခြင်းဖြစ်ပြီး မိမိနိုင်ငံသို့ ပြန်ရောက်ချိန်အထိ အပြည့်အဝတာဝန်ယူကြရခြင်းဖြစ်ရာ တရားဝင်စာချုပ်ချုပ်ဆိုသွားရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အကျိုးခံစားခွင့်များ၊ အကာအကွယ်များ ရရှိနိုင်ကြသည်။
မြန်မာအလုပ်သမားများ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံများတွင် မြန်မာအလုပ်သမားရေးရာကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ အလုပ်သမားများ၏ ရပိုင်ခွင့်များကိုရရှိနိုင်စေရေး ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမားသံအရာရှိများကို ခန့်အပ်ထားပြီး ပြည်ပရောက်မြန်မာအလုပ်သမားများ၏အရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများနှင့်အညီ ပုံမှန်အလုပ်လုပ်ရက်၊ အလုပ်နားရက်၊ ပုံမှန်အလုပ်လုပ်ချိန်၊ အချိန်ပိုအလုပ်လုပ်ချိန်နှင့် လုပ်ခလစာများစသည်တို့ကို ရပိုင်ခွင့်များနှင့်အညီ ရရှိနိုင်ကြသည့်အပြင် ရဲကြေး၊ လိုင်းကြေး၊ ပွဲစားခ၊ ဒဏ်ငွေစသည့် တရားမဝင်ဖြတ်တောက်ကောက်ခံမှုများမှလည်း လွတ်ကင်းနိုင်ကြသည်။ စင်စစ်ရွှေ့ပြောင်း အလုပ်သမားတစ်ဦးသည် တရားဝင်သည် ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရပိုင်ခွင့်အခွင့်အရေးများကို ချိုးဖောက်ခြင်းပြုပါက သက်ဆိုင်ရာသို့တိုင်ကြားရန်နှင့် မိမိအတွက်အကာအကွယ်ရရှိနိုင်ရန်အတွက် ကူညီဖြေရှင်းမှုတို့ကို ရယူနိုင်ကြသည်သာဖြစ်သည်။
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှု၊ အလုပ်အကိုင်အမျိုးအစားချင်းတူလျှင် အိမ်နီးချင်းနိုင်ငံများတွင်ရရှိသည့် လုပ်ခလစာက ပိုမိုများပြားမှုတို့ကြောင့် ပြည်တွင်းမှ လူ့စွမ်းအားအရင်းအမြစ်များစွာ ပြည်ပသို့စီးထွက်လျက်ရှိသည်။ အများစုမှာ ကျွမ်းကျင်အလုပ်သမားများမဟုတ်ကြဘဲ ၎င်းတို့သွားရောက်ရာနိုင်ငံများတွင်လည်း အဆင့်နိမ့်အလုပ်များကို သွားရောက်လုပ်ကိုင်ကြခြင်းသာဖြစ်သည်။ ယင်း၏အကျိုးသက်ရောက်မှုအနေဖြင့် ပြည်တွင်း၌ လယ်ယာလုပ်သားရှားပါးမှု အခြေအနေဖြစ်ပေါ်လျက်ရှိရာပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်လာအောင် ဖန်တီးပေးရေး၊ လူ့စွမ်းအားအရင်းအမြစ်များ မြင့်မားလာအောင် မြှင့်တင်ပေးရေး၊ ပြည်ပအလုပ်အကိုင်များမှ နိုင်ငံအတွက် ပိုမိုအကျိုးဖြစ်ထွန်းရေးတို့အတွက် ရေရှည်မျှော်မှန်းချက်များဖြင့် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။