Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၂၀

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော် အခွင့်အရေး ကော်မတီမှ အဖွဲ့ဝင် ဗိုလ်ချုပ် တင်ဆွေဝင်းအစား ဗိုလ်ချုပ် အောင်မျိုးထွန်း အား လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခင်မောင်စိုးအစား ဗိုလ်မှူးကြီးသန်းလှိုင်အား လည်းကောင်း အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်အတည်ပြုချက် ရယူသည်။

ထို့နောက် ရေး မဲဆန္ဒနယ်မှ ဒေါက်တာအောင်ထွန်းခိုင်(ခ) ဦးချိန်ဝင်း၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေး မရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပဒေများဖြစ်ပြီး ထိုဥပဒေများသည် လက်ရှိကာလနှင့် မကိုက်ညီတော့သဖြင့် ယခုကာလနှင့် ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေကို မည်သည့် အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ်စိုးတင့်နိုင်က ဥပဒေတစ်ခု ပြဋ္ဌာန်းပြီး လိုအပ်ချက်များ ရှိပါက ပြင်ဆင်ဖြည့်စွက်ရန် အချိန်ယူဆောင်ရွက်ရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ မူကြမ်းကို တင်ပြခဲ့သည့် အခြေအနေနှင့် ညီညွတ်ပြီး ပြီးပြည့် စုံသည့် ဥပဒေတစ်ခု ဖြစ်စေရေးအတွက် သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည် ၏ လက်ယာ မြောင်းမကြီးပေါ်မှဖြတ်၍  Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က  ရန်ပယ်လက်ယာမြောင်းမကြီး အောက်ပိုင်း ဧရိယာများ မိုးစပါးစိုက်ပျိုးရေရရှိနိုင်ရေးနှင့် ရေကြီးနစ်မြှုပ်မှုမှ လျော့ပါးသက်သာစေရေးအတွက် ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည့်  ရေပေးအဆောက်အဦများ တည်ဆောက်ပေးနိုင်ရန် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်  မကွေးတိုင်းဒေသကြီးအစိုးရ  အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်း လျာထားတင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်  မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၏ မိုင်းတုံ မြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စု လမ်းမကြီးအထိ လမ်းအရှည် (၂၀)မိုင် အား ရာသီမရွေး လွယ်ကူစွာသွားလာ နိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်း ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာကျော်လင်းက  အဆိုပါလမ်းသည် မြေသားလမ်းဖောက်လုပ်ရန် စုစုပေါင်း လမ်းအရှည် ၁၂ မိုင် ၂ ဒသမ ၆ ဖာလုံကျန်ရှိနေပြီး ကျေးရွာ ၁၄ ရွာ၊ လူဦးရေ ၃၅၀၀ ကျော်တို့အား အကျိုးပြုမည့် လမ်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် မြေသားလမ်းအရှည် ၄ မိုင် ဖောက်လုပ်ရန်နှင့် Box Culvert ၈စင်း တည်ဆောက်ရန်အတွက် ရန်ပုံငွေများ တင်ပြတောင်းခံထားပြီးဖြစ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

အလားတူ မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီး ကျေးရွာ ကွင်းအမှတ်(၆၁-ဃ)၊ စိုက်ခင်းမြေ ၈၁ ဒသမ ၃၆ ဧက အား မူလပိုင်ရှင် တောင်သူများထံ မည်သို့သော အစီအစဉ်များဖြင့် ပြန်လည်စွန့်လွှတ်ပေးမည်ကို သိလိုခြင်း မေးခွန်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏  ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀) ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ ပင်လယ်ရေတိုက်စားခံ ကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန် အတွက် ပညာရှင်များဖြင့် လေ့လာ တွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက် ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး ၏ ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးလက်လမ်း စာရင်းတွင် အမည်ပေါက်မပါဝင်သေးသောလမ်းများနှင့် နိုင်ငံအဝှန်း ကျေးလက်လမ်းများစာရင်းတွင် ထည့်သွင်းရန် ကျန်ရှိသော မြို့နယ်များအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အမည်ပေါက် စာရင်းထည့်သွင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်၏ ဧရာဝတီ တံတား (ညောင်တုန်း)၊ မီးရထား တံတား တည်ဆောက်ခဲ့စဉ် ပျက်စီးကျန်ခဲ့သော လယ်မြေနှင့် ယာမြေများ၌ လုပ်ကိုင်စားသောက်ခဲ့ကြသော တောင်သူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေယာလျော်ကြေးပေး နိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် အမရပူရ မဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင့် (ခ)ဦးစိုးမြင့်၏  အမရပူရ မြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင်လမ်း အား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း  ရှင်းလင်းဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့် သည့် အချက် ၁၂ ချက်၊ ဥပဒေကြမ်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် ၁ ချက်၊ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း  သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင် အတည်ပြုထားသည့်အချက် ၁၀ ချက် တို့ကိုတင်ပြရာ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားမေးမြန်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ထို့နောက် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုပါ ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍  သဘောကွဲလွဲမှုရှိသည့် အချက် ၁၁ ချက်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ် ရယူသင့်ကြောင်းအဆိုကို တင်သွင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြခဲ့သည့် အချက် ၁၁ ချက်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူ မရှိသည့်အတွက် သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း  ကြေညာသည်။

ထို့နောက် ရေးမဲဆန္ဒနယ်မှ ဒေါက်တာအောင်ထွန်းခိုင်(ခ) ဦးချိန်ဝင်းက တရားဥပဒေ စိုးမိုးရေး တာဝန်တစ်ရပ်အနေဖြင့် အများပြည်သူတို့နှင့် နေ့စဉ်ထိတွေ့ ဆက်ဆံပြီး ပြည်သူ့ ဝန်ဆောင်မှုကို အချိန်ပြည့် တာဝန်ထမ်းဆောင်နေသော  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အဆင့်မြှင့်တင်ပြုပြင်ပြောင်းလဲရန်နှင့် အင်အားတိုးမြှင့်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းရာတွင် ရဲတပ်ဖွဲ့ ဆိုသည်မှာ ပြည်သူများနှင့် နေ့စဉ်ဘ၀ အများဆုံး ဆက်စပ်ပတ်သက်နေသော လုံခြုံရေးအဖွဲ့စည်း တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူ့လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အဓိကတာဝန်ရှိသူများဖြစ်ပြီး ပြစ်မှုများမဖြစ်ပေါ်စေရေး အတွက် ကြိုတင်ကာကွယ်ရေးတွင်လည်း အဓိကကျပါကြောင်း၊  ရဲတပ်ဖွဲ့တွင် အရပ်ဘက် ထိန်းချုပ်မှုကို ခိုင်ခိုင်မာမာတည်ဆောက်ရန် လိုအပ်ပါကြောင်း။

ရဲတပ်ဖွဲ့၏ အဓိကကျဆုံး တာဝန်သည် ပတ်ဝန်းကျင်ကို ဖန်တီးထိန်းသိမ်းနိုင်ရန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းထားသော ရဲတပ်ဖွဲ့ဝင်များသည် ဒီမိုကရေစီ မူဘောင်များကို လေးစားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ယုံကြည်မှုကို ထိုက်တန်သည့် လုပ်ထုံးလုပ်နည်းများ၊ ကျင့်ထုံးများကို လိုက်နာကျင့်ကြံရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုများနှင့် ပြည်သူများအပေါ် ဖောက်ဖျက်ကျူးလွန်သော ရာဇဝတ်မှုများကို အဓိကကိုင်တွယ်ရ မည်ဖြစ်ပါကြောင်း၊ လူသား၏ ဂုဏ်သိက္ခကို လေးစားရမည်ဖြစ်ပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါသောကြောင့် အဆိုအား တင်ပြရခြင်းဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။

ယင်းနောက်  ဖားကန့် မဲဆန္ဒနယ်မှ ဦးတင်စိုးက အဆိုအား ထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍  ကျောင်းကုန်း မဲဆန္ဒနယ်မှ  ဦးသိန်းထွန်း တင်သွင်းသည့် တောင်သူ လယ်သမားဘ၀ ရေရှည်တည်တံ့နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အရပ်ရပ်သော ကြွေးမြီကိစ္စရပ်များအား ဖြေလျှော့ပေး နိုင်မည့် နိုင်ငံတကာထောက်ပံ့ငွေ သို့မဟုတ် အတိုးမဲ့ နှစ်ရှည် ချေးငွေများ ရရှိနိုင်ရေးကို စီမံကိန်း တစ်ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီက တောင်သူလယ်သမားများအနေဖြင့် အစိုးရမှ ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေများနှင့် သီးနှံစိုက်ပျိုးရန်အတွက် ယခုကာလတွင် ဈေးနှုန်းမြင့်မားနေသည့်အချိန် ဖြစ်ပြီး လယ်ယာအလုပ်သမားများရှား ပါးနေချိန်တွင် မလုံလောက်ပါကြောင်း၊ စိုက်ပျိုးသီးနှံ ထွက်ရှိသော်လည်း ဝယ်ယူမည့်သူ များနည်းပါးပြီး ဈေးများများ မရရှိသဖြင့် အခက်အခဲများ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ စိုက်ပျိုးသီးနှံများ ဈေးကောင်းရရှိရေး ဆောင်ရွက်ပေးရန်နှင့် ပြည်ပမှ လယ်ယာထွက်ကုန်ပစ္စည်းများဝယ်ယူမှု ကျဆင်းနေချိန်တွင် တောင်သူများ၏ အခက်အခဲများကို ဖြေလျော့စေရန်၊  စ်ိုက်ပျိုးရေးလုပ်ငန်းများ အတွက် ကြွေးမြီများကို ဖြေလျော့ပေးရန်၊ စိုက်ပျိုးရေး တောင်သူများအတွက် နိုင်ငံတကာမှ ထောက်ပံ့မှုရရှိအောင် ဆောင်ရွက်ပေး ရန်နှင့် အတိုးမဲ့နှစ်ရှည်ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေးရန် တို့ အတွက် တိုက်တွန်း လိုပါကြောင်း ထောက်ခံဆွေးနွေးသည်။

အလားတူ  ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်း၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးထွန်းမြအောင်(ခ) ဦးစောထွန်းမြအောင်၊ ဘောလခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူ ကြီး ဇေယျာမင်းနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမိုးဦးကျော်တို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်းက ယခုအဆိုသည် တောင်သူလယ်သမားများအပေါ် ထားရှိသည့် စေတနာကို ဖော်ပြနေပါသော်လည်း ကြွေးမြီများ ဖြေလျှော့ပေးနိုင်ရန်ကိစ္စသည် တည်ဆဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ပြည်ပကြွေးမြီများကို ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာအပေါ်တွင် မူတည်ပြီး စိစစ်ရယူရမည်ဖြစ်ခြင်း၊ ကြွေးမြီကို တာဝန်ကျေစွာဖြင့် ပြန်လည်ပေးဆပ်နေသည့် တောင်သူလယ်သမားများကို ငဲ့ညှာထောက်ထားရမည်ဖြစ်ခြင်း၊ ကြွေးမြီကို လျှော်ပေးရန် စဉ်းစားခြင်းထက် ကြွေးမြီ ပေးဆပ်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးခြင်းကို စဉ်းစားစေခြင်းက ပိုမိုသင့်လျော်ခြင်း စသည့် အကြောင်းများကြောင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အခက်အခဲရှိသည့် စီမံကိန်းဖြစ်ပါ သဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိသင့်ပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြု ပေးပါရန် ပြောကြားသည်။

 ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင် သဘောကွဲလွဲသည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရန် မတ်တပ်ရပ်၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရာ တက်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် ၃၆၄ ဦးအနက် ထောက်ခံဆန္ဒပြုသူ ၁၂၄ ဦး၊ ကန့်ကွက်ဆန္ဒပြုသူ ၂၄၀ ဖြစ်၍ ကန့်ကွက်သည့် ကိုယ်စားလှယ်ဦးရေက များသည့်အတွက် အဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ဩဂုတ် ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)