တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့မှုသည် လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရှစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှု၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများကိုအကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လွန်ခဲ့သည့်ရှစ်နှစ်တာကာလက တခမ်းတနား လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ NCA စာချုပ်သည် Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်တွင်မှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမည့် စာချုပ်လည်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၈)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်ကကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေခြင်းဖြစ်သည့်အားလျော်စွာ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများမဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ရိုးသားမှုမရှိသော နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့် မဲစာရင်းကွဲလွဲမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့ရာမှ မိမိတို့နိုင်ငံတွင် အရေးပေါ်ကာလပေါ်ပေါက်ခဲ့ရသလို တပ်မတော်ကနိုင်ငံတော်တာဝန်များကို ဥပဒေနှင့်အညီ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။ တစ်နည်းအားဖြင့် နိုင်ငံတွင် တိမ်းစောင်းသွားခဲ့သည့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ကြိုးပမ်းတည့်မတ် နေရခြင်းလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေး မကျေနပ်ချက်များနှင့် ဆန့်ကျင်အုံကြွမှုများ ပေါ်ပေါက်လာသလို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ပြည်တွင်း၌ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်ပမှနေ၍ အားပေးထောက်ပံ့မှုများလည်း ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတွင်ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွင်း တုံ့ပြန်မှုအမျိုးမျိုးရှိခဲ့သည့်အနက် ရိုးသားမှုမရှိသော EAO အချို့က အခွင့်အခါကောင်းအဖြစ်ရှုမြင်ခဲ့ကြသော အချက်အလက်များကို ထင်ထင်ရှားရှားတွေ့ရှိရသည်။ ပွဲလန့်တုန်းဖျာခင်းလိုသူ၊ မိုးရွာတုန်းရေခံလိုသူတို့ကိုလည်း တွေ့ရသည်။ ယင်းတို့အနက် “NCA စာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးက တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် တပ်မဟာ (၇) ဘားအံခရိုင်အနေဖြင့် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” KNU တပ်မဟာ (၇) ဘားအံခရိုင်က ထုတ်ပြန်လိုက်ရာ နိုင်ငံ့ငြိမ်းချမ်းရေးအတွက် စိတ်မအေးရသည့် တိုင်းရင်းသားပြည်သူများအတွက် စိတ်သက်သာဖွယ်တစ်ခု ရလိုက်ခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများမှာ အချိန်ကာလအတိုင်းအတာတစ်ရပ်တွင် ပြီးဆုံးသွားမည်သာဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ နိုင်ငံတည်သရွေ့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသယ်ပိုးထမ်းရွက် သွားကြရမည်ဖြစ်သည့်အလျောက် မိမိတို့ခေတ်၏ သမိုင်းပေးတာဝန်များကို ကျေပွန်ကြရပါမည့်အကြောင်း။ ။