Skip to main content

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်အဖြေရှာ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလမှစ၍ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ခေတ်အဆက်ဆက်အစိုးရများက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးကိုကြိုးပမ်းတည်ဆောက်ခဲ့ကြသော်လည်း ယနေ့ထက်တိုင်အောင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးမရရှိသေးပေ။ နိုင်ငံရေးအရသဘောထားအမြင်ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမှသာ ရရှိနိုင်မည်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကိုအဖြေရှာရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မူဘောင်အတွင်း မှ ဆောင်ရွက်မှသာ ငြိမ်းချမ်းရေးခရီးနှင့်အလှမ်းနီးမည်ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းကြရမည်ဖြစ်သည်။ ငြိမ်းချမ်းလိုသောစိတ်အရင်းခံဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ နှစ်ပေါင်းရှည်ကြာလာပြီဖြစ်သည့်အတွက် သဘောထားကွဲလွဲမှုများမဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့်ဒီမိုကရေစီနှင့်နိုင်ငံရေးစင်မြင့်ပေါ်သို့ အားလုံးပါဝင်လာနိုင်ကြစေရန် မိမိတို့လိုလားချက်များနှင့်အခွင့်အရေးများကို ဥပဒေနှင့်အညီ တင်ပြတောင်းဆိုကြရန်လိုအပ်ပေသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ မြန်မာနိုင်ငံတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်တော်ဆုံးဖြစ်၍ နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာပြီး မိမိတို့ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိသည်။

အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးကိုသွေဖည်၍ လက်နက်ကိုင်အဖြေရှာသည့်နည်းလမ်းကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ လက်နက်ကိုင်နည်းလမ်းဖြင့် မည်သည့်အခါမျှ အဖြေရှာ၍မရနိုင်သည်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ ကမ္ဘာ့နိုင်ငံရေးသမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုကိုအလေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လျှောက်လှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) ဘားအံခရိုင်က NCA ကိုအခြေခံ၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာမည်ဟု စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

NCA စာချုပ်သည် ပြည်တွင်းနှင့်နိုင်ငံတကာ အသိသက်သေများရှေ့မှောက်တွင် ချုပ်ဆိုထားသောစာချုပ်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်အဖြေမရှာဘဲ စစ်ရေးနည်းဖြင့်အဖြေရှာသောကြောင့်ဖြစ်သည်။ နှစ်(၇၀)ခန့် စစ်ပွဲအတွေ့အကြုံကိုအခြေခံ၍ အဖြေရှာရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံအဖြေရှာခြင်းသည်သာ အကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက်ရရှိခဲ့ကြောင်း၊ ယင်းအပေါ် KNU ကွန်ဂရက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်တို့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာရန် အတိအလင်းဖော်ပြ ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ NCA စာချုပ်ကို KNU အမျိုးသားအစည်းအရုံးမှ တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် တပ်မဟာ (၇)ဘားအံခရိုင်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကိုအခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့် အဖြေရှာနိုင်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) ဘားအံခရိုင်၏ သဘောထား ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုပါကြောင်းနှင့် နိုင်ငံတော်နှင့်ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝကိုထိခိုက်လျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လာကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။   ။