Skip to main content

သွင်းကုန်အစားထိုး၊ ပို့ကုန်တိုးမြှင့်ရေး ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ပေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းများထဲတွင် အဓိကကျသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည်။ ယင်းသို့အားပေးရာတွင်လည်း ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို ဦးစားပေး၍ မြှင့်တင်နေခြင်းဖြစ်သည်။

MSME လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သော ကုန်ကြမ်းကိုလည်း ပြည်တွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသော ထုတ်ကုန်ပစ္စည်းများကို သေချာသည့်ကုန်ကြမ်းများအဖြစ် အသုံးပြုသွားကြရမည်ဖြစ်သည်။ “စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကိုအခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရော်ဘာကို အခြေခံသည့်ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့်ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံသည့်ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေးအသားငါးကို အခြေခံသည့်ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် မိမိတို့နိုင်ငံအတွက်သေချာသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အလားတူ များစွာသောကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်များရှိသကဲ့သို့ ဒေသအလိုက်ထူးခြားသည့် လုပ်ငန်းများလည်း ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားထားရာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုပြီး စားသောက်ကုန်များနှင့် လူသုံးကုန်များကို စျေးကွက်အကြိုက်ထုတ်လုပ် ကြရမည်ဖြစ်သည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ရာတွင် မြေနေရာရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး လိုအပ်ချက်များဖြည့်ဆည်းပေးရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရန်တို့ကိုလည်း နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရာတွင် (၁) လုပ်ငန်းသစ်များအစပျိုးရာ၌ တွေ့ကြုံရမည့် အခက်အခဲအတားအဆီးများ လျှော့ချရေး၊ (၂) ရင်းနှီးမတည်ငွေစီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ (၃) အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ (၄) သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်သတင်းအချက်အလက် ဖြန့်ဝေမှုအားကောင်းစေခြင်းဖြင့် နိုင်ငံတကာထောက်ပံ့မှုကွင်းဆက် (International Supply Chain) ထဲသို့ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) သည် နိုင်ငံ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ MSME များ အရှိန်အဟုန်ဖြင့် တိုးတက်ကြီးထွားလာသည်နှင့်အမျှ နိုင်ငံ၏ စီးပွားရေးမှာလည်း မြင့်မားလာမည်ဖြစ်သည်။ နိုင်ငံတွင် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာစေရန်အတွက် MSME များကို အခြေပြုကာ အကြီးစားစက်မှုလုပ်ငန်းများ၊ နည်းပညာမြင့် စက်မှုလုပ်ငန်းများအဖြစ်သို့ ဆက်လက်တက်လှမ်းသွားနိုင်ရန် ကြိုးပမ်းသွားကြရမှာလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း MSME များသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ပြီး ကုန်ကြမ်းထုတ်လုပ်မှုမှသည် ကုန်ချောထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုအထိ ကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်ကြသူများ ဝင်ငွေရရှိမှု၊ ပြည်တွင်း စားသုံးမှုတိုးတက်မှုတို့က ပြည်တွင်းစီးပွားရေးကို လျင်မြန်သွက်လက်လာစေမည်လည်း ဖြစ်သည်။

နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်ကြသော ကျေးလက်ဒေသများ၏ စီးပွားရေးမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖြစ်သည်။ စိုက်ပျိုးမွေးမြူထုတ်ကုန်များကို ကုန်ကြမ်းအဖြစ် သုံးစွဲပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ကြမည့် MSME လုပ်ငန်းများ တိုးတက်အောင်မြင်သည်နှင့်အမျှ ကျေးလက်ဒေသ များ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ရရှိနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများ ‌အောင်မြင်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိနိုင်ကြပါစေကြောင်း။ ။