“ယဉ်ကျေးမှု” ဟူသည့် ဝေါဟာရ၏အနက်အဓိပ္ပာယ်မှာ လွန်စွာကျယ်ဝန်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် လူတစ်ဦးချင်းနှင့်ရော လူမျိုးတစ်မျိုးနှင့်ပါ သက်ဆိုင်သောအရာများလည်းဖြစ်သည်။ မိမိတို့သည် မွေးသည်မှအစ သေသည်အဆုံး ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယဉ်ကျေးမှုနှင့်အတူနေထိုင်နေကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာဖြစ်ပြီး မတူကွဲပြားခြားနားမှုများဖြင့် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုးဟူ၍ သိသာထင်ရှားစေသည်။ သို့ဖြစ်ရာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ အသီးသီးရှိနေကြပြီး ကောင်းမွန်သည့်ယဉ်ကျေးမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခြင်း၊ အဆင့်အတန်း မြင့်သည်ထက်မြင့်အောင် မြှင့်တင်ခြင်းအားဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကမ္ဘာတွင် ထင်ရှားပေါ်လွင်လာအောင် ဆောင်ရွက်ကြမြဲဖြစ်သည်။
ယဉ်ကျေးမှုဆိုသည့်အရာများကို ခွဲခြားစိတ်ဖြာကြည့်မည် ဆိုပါက စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု (Intangible Culture)နှင့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု (Tangible Culture) ဟူ၍ နယ်ပယ်နှစ်ရပ်တွေ့ရှိနိုင်သည်။ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ဒြပ်ရှိယဉ်ကျေးမှုဟူ၍လည်း ခေါ်ဆိုကြသည်။ ဒြပ်မဲ့ယဉ်ကျေးမှုတွင် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ အတွေးအခေါ်၊ လူမှုထုံးတမ်းအစဉ်အလာများ၊ လက်မှုပညာများ၊ အနုသုခုမပညာရပ်များ စသည်တို့ပါဝင်ပြီး ဒြပ်ရှိယဉ်ကျေးမှုတွင် ထိတွေ့ကိုင်တွယ်နိုင်သည့် လက်နက်ကိရိယာများ၊ လှေလှည်းယာဉ်များ၊ အဆောက်အအုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်းများစသည့် လူတို့ဖန်တီးပြုလုပ်သုံးစွဲခဲ့ကြသည့် အရာဝတ္ထုများ ပါဝင်သည်။
ယဉ်ကျေးမှုတို့၏ သဘောမှာ ကူးလူးဆက်ဆံလျက်ရှိပြီး ရှင်သန်နေခြင်းဖြစ်သည့်အလျောက် အခြားယဉ်ကျေးမှုတို့နှင့် ရောယှက်သည့် သဘာဝလည်းရှိသည်။ ပြင်ပမှဝင်ရောက်လာသည့် ယဉ်ကျေးမှုကို မိမိတို့၏ ရေမြေပတ်ဝန်းကျင်၊ မိမိတို့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပြီး မိမိတို့ယဉ်ကျေးမှုအတွင်း ထည့်သွင်းပေါင်းစည်းကာ ပိုမိုကြွယ်ဝအောင် ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံလည်း ပြင်ပမှဝင်ရောက်လာသည့် ယဉ်ကျေးမှုက လွှမ်းမိုးသွားခြင်းလည်း ဖြစ်နိုင်သည်။ ယဉ်ကျေးမှုများ လိုက်လျောညီထွေပေါင်းစည်းခြင်းက အကျိုးဖြစ်ထွန်းနိုင်သော်လည်း ယဉ်ကျေးမှုလွှမ်းမိုးခံရသည့်အခါတွင်မူ တိုင်းတစ်ပါးကို အထင်ကြီးခြင်း၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် သိမ်ငယ်စိတ်ဝင်ခြင်းမှသည် နိုင်ငံနှင့်လူမျိုးအပေါ် ချစ်ခင်သည့်စိတ်တို့ လျော့ပါးပျောက်ကွယ်သွားစေနိုင်သည်အထိ အန္တရာယ်ရှိသည်။
သတင်းနှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားနေသောခေတ်တွင် ယဉ်ကျေးမှုများ ကူးလူးဆက်ဆံမှု၊ ရောယှက်ဆက်နွှယ်မှုများကလည်း လွန်စွာလျင်မြန်လာလျက်ရှိနေရာ မိမိတို့တွင်ရှိထားသည့် အမျိုးသားဝိသေသလက္ခဏာ၊ အမျိုးသားယဉ်ကျေးမှုတို့ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပိုမို၍မြင့်မားလာအောင် မြှင့်တင်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ရန် လိုအပ်လာသည်။ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာအနက်မှ အနုသုခုမပညာရပ်များ ဖြစ်သော အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြန်လည်ဖော်ထုတ်ကျင်းပပေးလျက်ရှိရာ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်များမှသည် မကြာမီ နိုင်ငံတော်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တင့်တင့်တယ်တယ် ခမ်းခမ်းနားနားစည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။
ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပရခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုနယ်ပယ်တွင်ပါဝင်သည့် အနုသုခုမပညာရပ်များကို ထိန်းသိမ်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပျက်လွယ်၊ ပျောက်လွယ်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဖုံးလွှမ်းလွယ်သည့် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုကို မပျောက်မပျက်အောင် ထိန်းသိမ်းခြင်းနှင့် မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးအပ်ခြင်းပင်ဖြစ်ရာ တစ်မျိုးသားလုံးက တာဝန်အဖြစ်ခံယူ၍ ပါဝင်ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။