Skip to main content

နိုင်ငံများနှင့်ပူးပေါင်းလက်တွဲစီးပွားမြှင့်တင်

(၇)ကြိမ်မြောက် အာဆီယံ-တရုတ်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်အခမ်းအနားနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတို့ကို တရုတ်နိုင်ငံ နန်နင်းမြို့၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေးမြှင့်တင်နိုင်စေရန် အာဆီယံ-တရုတ်နိုင်ငံများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။

အာဆီယံ-တရုတ်ကုန်စည်ပြပွဲကြီးကို နန်နင်းမြို့တွင် ၂၀၀၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုအခါ အကြိမ်(၂၀)မြောက် ရှိပြီဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေပေါ်ပေါက်လာခြင်းနှင့်အတူ နှစ်စဉ်ကျင်းပနိုင်ခဲ့သည့် စီးပွားရေးအခင်းအကျင်းများက ကမ္ဘာ့စီးပွားအကျပ်အတည်းများကို မြန်မာနိုင်ငံပါဝင်သည့် အာဆီယံ-တရုတ်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ အာဆီယံ-တရုတ်ချိတ်ဆက်မှုများမှသည် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ကြက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရချိန်တွင် အာဆီယံ-တရုတ် လွတ်လပ်သောစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားသွားနိုင်ပြီး ကမ္ဘာပေါ်တွင် အင်အားတောင့်တင်းသည့် စီးပွားရေးနယ်မြေဖြစ်လာမည်ဖြစ်သည်။

လွတ်လပ်သောစီးပွားရေးနယ်မြေ ပေါ်ထွန်းလာသည်နှင့်အမျှ လွတ်လပ်သော စီးပွားရေးပိုင်ဆိုင်ခွင့်များကို ရရှိလာမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဘက်အဘက်၌ အခြားနိုင်ငံများနှင့်ရင်ပေါင်တန်းပြီး လွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့် အရည်အသွေးများပြည့်မီနေစေရန် နိုင်ငံအချင်းချင်း ပေါင်းစပ်ချိတ်ဆက်ပြီး အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲကြိုးပမ်းကြရမည်ဖြစ်သည်။ ရရှိလာသောအခွင့်အလမ်းများကို နိုင်ငံအတွက် လက်တွေ့အသုံးချကာ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရည်မှန်းချက်များ ပြည့်ဝလာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ၍ အဓိကအားပြုသည့်နိုင်ငံဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် အရေးကြီးသည်။ ကိုဗစ်လွန်ကာလ၌ နောက်ဆက်တွဲဆိုးကျိုးများကို ကျော်လွှားနိုင်ရန်အတွက် အာဆီယံဒေသပြန်လည်ထူထောင်နိုင်ရေး ပြီးပြည့်စုံသောလုပ်ငန်းစဉ်များပါဝင်သည့် မူဘောင်တစ်ခုရေးဆွဲအတည်ပြုခဲ့သည်။ အဆိုပါမူဘောင်တွင်ပါဝင်သည့် မဟာဗျူဟာ(၅)ရပ်အနက် အာဆီယံနိုင်ငံများအကြား ဈေးကွက်နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် အချက်နှစ်ချက်ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံနိုင်ငံများ၏ အရေးကြီးသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရ ဒေသတွင်း စားရေရိက္ခာတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်စေမည့် စီးပွားရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာဆောင်ရွက်သွားနိုင်ရန် အရေးကြီးသည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံဆောင်ရွက်သောနိုင်ငံဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အားနည်းချက်များသဖြင့် စိုက်ပျိုးထုတ်ကုန် အရည်အသွေးမြှင့်ထုတ်လုပ်ရေး၌ လိုအပ်ချက်များရှိနေသည်။ စိုက်ပျိုးထုတ်ကုန်ကဏ္ဍများတွင် အခြားနိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများကို အားထားသုံးစွဲနေသည်မှာ လက်တွေ့ပင်ဖြစ်သည်။

(၇)ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအပြီးတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေး၌ အလားအလာကောင်းများရရှိခဲ့သည်။ နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မျိုးစေ့နှင့်ဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အပူပိုင်းဒေသသီးနှံဆိုင်ရာ စံပြစိုက်ခင်းများထူထောင်ရေးတို့ကို အသေးစိတ်ဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံဘက်မှ ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်သူများအတွက် မွမ်းမံသင်တန်းများ၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ရေငန်တားတာနှင့် ရေထိန်းတံခါးများ တည်ဆောက်ရေးအတွက် စူးစမ်းလေ့လာရေးလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေငန်နှင့် ရေချိုငါးမျိုးစိတ်များ မျိုးဗီဇမြှင့်မွေးမြူခြင်းဆိုင်ရာ နည်းပညာအထောက်အပံ့များရရှိရေး၊ ခေတ်သစ်ငါးမွေးမြူရေးဇုန် တည်ဆောက်ရေး၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ခြင်း စသည်တို့ကို ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ဈေးကွက်မြှင့်တင်ရေးနှင့် နည်းပညာအကူအညီအထောက်အပံ့များကို အာဆီယံ-တရုတ်ဒေသတွင်း နိုင်ငံများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး လွတ်လပ်သော ကုန်သွယ်မှုဒေသဖွံ့ဖြိုးတိုးတက်လာရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။   ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)