ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ အယ်နီညိုသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်တွင် ရေများပုံမှန်မဟုတ်ဘဲ ပူနွေးလာသည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ပင်လယ်ရေပြင်ပူနွေးလာခြင်းကြောင့် ငါးများအုပ်စုလိုက် ပြောင်းရွှေ့သွားကြသည်ကို တွေ့ရှိကြရပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ခန့်ကပင် ပီရူးမှ ငါးဖမ်းသမားတံငါသည်များက အယ်နီညိုဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်ဟုဆိုသည်။
အယ်နီညိုသည် ကမ္ဘာတစ်ဝန်းရာသီဥတုများအပေါ်တွင် သက်ရောက်မှုရှိခြင်းကြောင့် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာထုတ် လုပ်ရေးတို့တွင်လည်း ဆင့်ကဲသက်ရောက်မှုများဖြစ်ပေါ်စေသည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်ဟုဆိုလျှင် ပူပြင်းခြောက်သွေ့သည့် အခြေအနေဟုပုံသေအားဖြင့် ဆိုနိုင်သည်။ အာရှတိုက်တွင် အပူလွန်ကဲခြင်း၊ ခြောက်သွေ့ခြင်းတို့ကြုံတွေ့နိုင်ပြီး အရှေ့တောင်အာရှဒေသတွင်လည်း ဖြစ်မြဲထက်ပို၍ပူစေသည်။ ယင်းအခြေအနေက အဓိကကောက်ပဲသီးနှံဖြစ်သော ဂျုံ၊ စပါး၊ ပြောင်းနှင့်ဆီထွက်သီးနှံများ စသည်တို့စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကျဆင်းခြင်းက ကမ္ဘာ့ကောက်ပဲသီးနှံစျေးကွက်အတွင်း သီးနှံရောင်းလိုအားအပေါ်ထိခိုက်နိုင်ပြီး စားသုံးကုန်စျေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်မူ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၆ ရက်ခန့်မှစကာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ အယ်နီညိုရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းတိုတောင်းခြင်း၊ ဆောင်းကာလတွင် အအေးပေါ့ခြင်း၊ နွေရာသီတွင် ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်ပြီး အယ်နီညိုအားပြင်းမှု၊ ပျော့မှုအပေါ်မူတည်၍ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ ရှေ့ဆက်၍လည်း နောက်နှစ်တွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှုနောက်ကျနိုင်သည့်အတွက် ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရှည်တစ်ရပ်ကို ဖြတ်သန်းကြရဖွယ်ရှိသည်။ ယင်းသို့သောအခြေအနေက စိုက်ပျိုးရေးအဓိကဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြရမည့်အခြေအနေပင်ဖြစ်ရာ တောင်သူများကို အသိပညာပေးခြင်း၊ စိုက်ပျိုးရေများ ကြိုတင်သိုလှောင်ရေး၊ ရေကိုအလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းနည်းနှင့် အကျိုးရှိရှိထိထိရောက်ရောက် သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေရေး၊ အပူဒဏ်နှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်သည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ရာသီဥတုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် သီးထပ်ပုံစံများ စိုက်ပျိုးရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် တောင်သူများက အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။
စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအနေဖြင့် အယ်နီညိုအစွန်းရောက် ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နေသည့်ကာလအတွင်း မိမိတို့၏စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမဖြစ်စေရန် ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကောင်းစွာပြုလုပ်သွားကြရမည်ဖြစ်သည်။ ရှိရင်းစွဲ ရေအရင်းအမြစ်များကို မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေကို လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံသုံးစွဲခြင်းတို့အပါအဝင် စိုက်ပျိုးရေးအတွက် အသက်သွေးကြောဖြစ်သည့် ရေကိုရွှေကဲ့သို့အလား တန်ဖိုးထားကာ အယ်နီညိုရာသီကာလကို ကျော်ဖြတ်ကြရပါမည့်အကြောင်း။ ။