နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် မြို့ပြများ၌ လူဦးရေထူထပ်များပြားပြီး လူမှုစီးပွား ဘဝများမြင့်မား တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ပြများတွင် လူဦးရေ ထူထပ်သော်လည်း များသောအားဖြင့် ကျေးလက်နေပြည်သူများ၏ လူဦးရေမှာ ပိုမိုများပြားပေသည်။ လူဦးရေကွာခြားမှုအရ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်မည်ဆိုလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများကို ကြည့်မည်ဆိုလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းပြည်ခေါင်းဆောင်၏ အမြော်အမြင်ကြီးမားမှု၊ အစိုးရအဖွဲ့၏ စနစ်တကျစီမံခန့်ခွဲမှုနှင့် ကျေးလက်နေပြည်သူများ၏ နိုးကြားတက်ကြွစွာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မှုတို့သည် အဓိကကျကြောင်း တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင်က အမြော်အမြင်ကြီးမားသော်လည်း စီမံခန့်ခွဲမှုအားနည်းလျှင် အောင်မြင်မှုရရှိမည်မဟုတ်ပေ။ စီမံခန့်ခွဲမှ ကောင်းသော်လည်း ကျေးလက်လူထု တက်ကြွစွာပါဝင်ဆောင်ရွက်မှုမရှိက အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အားလုံးတက်ညီလက်ညီဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ယူကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ မြန်မာ့နေထိုင်မှုစစ်တမ်း ၂၀၁၇ အရ ကျေးလက်လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သော လူဦးရေ ၁၁ ဒသမ ၂ သန်းခန့်သည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည်။ ကျေးလက်ပြည်သူ ၇၀ ရာခိုင်နှုန်းနီးပါးသည် အသင့်အတင့်နှင့်ပြည့်စုံကြသူများ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှ မြင့်မားနေဆဲဖြစ်သည်။ လူတိုင်းလူတိုင်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်၍ လူမှုစီးပွား မျှတစေရန်အတွက် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးအပြင် မိသားစု ဝင်ငွေတိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးပါ ဆောင်ရွက်ရန်လိုအပ်သည်။ ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က ရှုထောင့်အဖုံဖုံ၊ ကဏ္ဍအစုံစုံတို့တွင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နေပြည်သူများ၏ စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးဖြစ်၍ နိုင်ငံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အားပေးကူညီလျက်ရှိသည်။ ကျေးလက်ဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ပြီး အကောင်အထည်ဖော် လျက်ရှိရာ အရင်းမပျောက်မတည်ငွေများကို ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် ငွေကျပ် ၁၀ ဘီလီယံစီဖြင့် ဘီလီယံ ၃၀၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီအတွက် ငွေကျပ်ရှစ်ဘီလီယံစီဖြင့် ဘီလီယံ ၄၀၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီး ခြောက်ခုအတွက် ငွေကျပ်ငါးဘီလီယံစီဖြင့် ဘီလီယံ ၃၀ စုစုပေါင်း ငွေကျပ်ဘီလီယံ ၁၀၀ ကို ထောက်ပံ့ပေးခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် အဓိကအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးရေးသာမက ကျေးလက်လူမှုစီးပွား ဟန်ချက်ညီ ဖွံ့ဖြိုးစေရန်အတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အထောက်အကူပြုရေးစီမံကိန်းများကိုပါ တွဲဖက် အကောင်အထည်ဖော်နေသဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြု မည်ဖြစ်သည်။ နိုင်ငံတော်က စဉ်ဆက်မပြတ် ထောက်ပံ့ကူညီမှုများနှင့် စေတနာရှင် နိုင်ငံများနှင့် အဖွဲ့အစည်းများက ထောက်ပံ့ကူညီမှုတို့ပေါင်းစပ်လျှင် အနာဂတ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီ တစ်ခုဖြစ်သည့် အရှေ့အာရှဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစံပြ စီမံကိန်းသည် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်။
စီမံကိန်းကျေးရွာနှစ်ရွာမှစတင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံ ကောင်းများသည် ယခုအခါ ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။ ၁၀ နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သော အတွေ့အကြုံများကို အခြေခံပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြို့နယ်သုံးမြို့နယ်၌ စံပြကျေးရွာတစ်ရွာ စီစတင်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျေးရွာ ၈၈ ရွာအထိ တိုးမြှင့်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော အဆိုပါစီမံကိန်းသည် ဝန်ထမ်းများ၏ စည်းရုံးဆောင်ရွက်မှု၊ ကျေးရွာသူ ကျေးရွာသားများ၏ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကြောင့် ကျေးရွာရန်ပုံငွေထူထောင်နိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာများကို သင်ကြား ဖြန့်ဝေနိုင်ခြင်းနှင့် မိသားစုဝင်ငွေများ တိုးတက်ရရှိလာပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် အထောက်အကူပြုနိုင်ခဲ့သည်။
သို့ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးစားပေး ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှု၊ မိတ်ဆွေ နိုင်ငံများ၏ ကူညီဆောင်ရွက်ပေးမှုများနှင့် ကျေးလက်ပြည်သူများ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက် နိုင်မှုကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်များ လင်းလက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနေပြီဖြစ်ပါကြောင်း။
ကြေးမုံ(အယ်ဒီတာ့အာဘော်)