Skip to main content

ဒေသအလိုက်စီးပွားရေးကို ခရီးသွားလုပ်ငန်းဖြင့် မြှင့်တင်ရေး

မြန်မာနိုင်ငံ၏ ခရီးသွားရာသီမှာ မိုးလေကင်းလွတ်သည့် အောက်တိုဘာလမှစတင်၍ ပူပြင်းခြောက်သွေ့သည့်ကာလဖြစ်သော ဧပြီလအထိဟူ၍ ယေဘုယျအားဖြင့်ဆိုနိုင်သည်။ အဆိုပါကာလအတွင်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည်များရှိနေသကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ဒေသအလိုက် ထင်ရှားကျော်ကြားသည့်ပွဲတော်များလည်းရှိနေပြီး ပွင့်လင်းရာသီဖြစ်သည့်အလျောက် ခရီးသွားလာအပန်းဖြေရန် အသင့်လျော်ဆုံး၊ အကောင်းဆုံးအချိန်လည်းဖြစ်သည်။

မကြာမီစတင်တော့မည့် ခရီးသွားရာသီတွင် ပြည်တွင်းပြည်ပခရီးသွားများ မြန်မာနိုင်ငံအတွင်း ဦးစားပေးလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသများ အဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုတို့ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုထားသည်။ အဆိုပါဦးစားပေး ခရီးစဉ်ဒေသ ၁၄ ခုတို့မှာ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်မှုများ ကိုယ်စီရှိနေကြခြင်းဖြစ်ရာ ဒေသပြင်ပမှဝင်ရောက်လာမည့် ခရီးသွားများ စိတ်အေးချမ်းသာစွာနှင့် အဆင်ပြေပျော်ရွှင်ချမ်းမြေ့စွာ လေ့လာလည်ပတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရတော့မည်ဖြစ်သည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံ၏အစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်တွင် လည်ပတ်နိုင်သောခရီးစဉ်နေရာ ၃၈ ခုအထိ ဖော်ထုတ်ထားရာတွင် ဘုရား၊ ပုထိုး၊ စေတီများ စုစုပေါင်း ၁၇ နေရာ၊ ဥယျာဉ်များ၊ ပြတိုက်များနှင့် အပန်းဖြေနေရာများ စုစုပေါင်း ၂၁ နေရာရှိပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၉၀ ကျော်၊ အခန်းပေါင်း ၆၀၀၀ ကျော်ရှိနေသည်။ နေပြည်တော်ကို စိမ်းလန်းစိုပြည်သန့်ရှင်းသပ်ရပ်သည့် ခေတ်မီမြို့တော်ဖြစ်လာစေရန်အတွက်လည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ သို့ရာတွင် နေပြည်တော်နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် တည်ရှိနေကြသော ခရီးသည်များ သွားလာလည်ပတ်နိုင်သည့် နေရာဒေသများမှာ ခရီးစဉ်ဒေသများအသွင် ထင်ရှားပေါ်ထွက်လာစေရန်၊ ခရီးသွားများ စိတ်ဝင်စားစွာလာရောက်ကြစေရန်အတွက် ဆွဲဆောင်ရန် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံလုပ်ငန်းရှင်များက ဆက်လက်ကြိုးပမ်းအားထုတ်ကြရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒေသအလိုက် တစ်နေရာနှင့်တစ်နေရာမတူညီဘဲ ကွဲပြားခြားနားသည့် သဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားပြည်သူများ၏ ဓလေ့ထုံးစံယဉ်ကျေးမှုများနှင့် ဝတ်စားဆင်ယင်ပုံများ၊ ဒေသအလိုက်၊ လူမျိုးအလိုက် အစားအသောက်များနှင့် ရိုးရာလက်မှုများ၊ အနုပညာများစသည်တို့ စုံစုံလင်လင်ရှိနေရာ ယင်းတို့ကိုမပျောက်မပျက်အောင် ထိန်းသိမ်းမြှင့်တင်၍ ခရီးသွားဆွဲဆောင်မှုများဖြစ်လာစေရန် ဆောင်ရွက်ခြင်းဖြင့် ခရီးစဉ်ဒေသများအဖြစ် ရပ်တည်လာနိုင်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ဦးစွာဆောင်ရွက်ရမည့်လုပ်ငန်းမှာ ဒေသ၏ပုံရိပ်ကို မြှင့်တင်ပေးရန်ဖြစ်ပြီး ဒေသ၏ကောင်းသတင်းများကို မီဒီယာနည်းလမ်းပေါင်းစုံတို့မှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ဖော်ပြဆောင်ရွက်နေရန်ဖြစ်သည်။ နိုင်ငံနှင့်ပတ်သက်၍ဖြစ်စေ၊ ဒေသတစ်ခုနှင့်ပတ်သက်၍ဖြစ်စေ သတင်းမှား၊ သတင်းတုများနှင့် ကောလာဟလများ ထွက်ပေါ်လာပါက ချက်ချင်းတုံ့ပြန်ချေဖျက်၍ သတင်းမှန်များ၊ ကောင်းသတင်းများပျံ့နှံ့အောင် ဆောင်ရွက်နိုင်မှသာလျှင် အထင်အမြင်လွဲမှားမှုကြောင့် နောက်ပြန်လှည့်သွားမည့်ခရီးသွားများ မိမိနိုင်ငံ၊ မိမိတို့ဒေသများဆီပြန်၍ ခြေဦးလှည့်လာကြမည်ဖြစ်သည်။

မကြာမီရောက်ရှိလာတော့မည့် ခရီးသွားရာသီတွင် ခရီးသည်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး၊ ဒေသတွင်းသို့ ရောက်ရှိချိန်မှစ၍ ပြန်လည်ထွက်ခွာချိန်အထိ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေရေး၊ ခရီးစဉ်တစ်ခုနှင့်တစ်ခု အဆင်ပြေပြေချိတ်ဆက်သွားလာနိုင်ရေး၊ အစားအစာများ ငွေကုန်ကြေးကျသက်သာ၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေး၊ စိတ်ဝင်စားဖွယ်ခရီးစဉ်များ ရေးဆွဲဆောင်ရွက်နိုင်ရေး စသည်တို့ကို မိမိတို့ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြင့် ဒေသစီးပွားကို ခရီးသွားလုပ်ငန်းဖြင့် မြှင့်တင်နိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)