Skip to main content

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ရန်ရည်ရွယ်သည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ငွေကြေးဆိုင်ရာလှုပ်ရှားမှုများနှင့် အစပျိုးလုပ်ဆောင်မှုများကိုဆိုလိုခြင်းဖြစ်သည်။ အစိမ်းရောင်စီးပွားရေးသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံအတွင်းသဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသည့်လုပ်ငန်းစဉ်လည်းဖြစ်သည်။

အကျိုးကျေးဇူးများသော အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကမ္ဘာပေါ်ရှိနိုင်ငံများက အလေးထားလုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ များသောအားဖြင့် ခရီးသွားလုပ်ငန်းကို ဟိုတယ်နှင့်ခရီးသွားလမ်းညွှန်လုပ်ငန်းအဖြစ်သာ ရှုမြင်ထားကြသည်။ အမှန်တကယ်တွင် ခရီးသွားလုပ်ငန်းသည် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးအပြင် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လမ်းတံတား၊ စည်ပင်သာယာ၊ မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ချိတ်ဆက်ထားသည်။

ထို့အပြင် မသန်စွမ်းသူများလည်း ပါဝင်လုပ်ကိုင်နိုင်ပြီး တိုင်းရင်းသားလူမျိုးစုဒေသများ၌ ဒေသခံတိုင်းရင်းသားများနှင့်လူငယ်များပါ ပါဝင်လုပ်ကိုင်နိုင်သည်။ ခရီးသွားလုပ်ငန်းများတွင် လုပ်သားအင်အား၏ ၅၄ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်ဟု စစ်တမ်းများတွင်တွေ့ရသည်။ စွန့်ဦးလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းလုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာ ဆောင်ကြဉ်းပေးနိုင်သည့်အပြင် ဆင်းရဲမှုလျှော့ချရေးနှင့် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်ကဏ္ဍဖြစ်သည်။ ခရီးသွားလုပ်ငန်းကိုအကြောင်းပြု၍ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ဒစ်ဂျစ်တယ်အဆောက်အအုံဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ အစီရင်ခံစာအရ ခရီးသွားလုပ်ငန်းမှ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၇ ဒသမ၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ ကမ္ဘာ့အလုပ်အကိုင် စုစုပေါင်း၏ ကိုးရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုသည့် လူပေါင်း ၂၉၅ သန်းကို အလုပ်အကိုင်များ ဖန်တီးပေးခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် ကျပ်ငွေ ၂၄၄၈ ဘီလီယံ တစ်နည်းအားဖြင့် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍမှ တိုက်ရိုက်ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် နိုင်ငံတော်အေးချမ်းသာယာဝပြောရေးကို အလေးထားဆောင်ရွက်ပြီး ခရီးသွားကဏ္ဍမြင့်မားတိုးတက်လာရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိမ်းလန်းစိုပြည်သော သဘာဝတောတောင်များ၊ မြစ်ချောင်း၊ အင်းအိုင်များပေါများသည်။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အစိမ်းရောင်သစ်တောများ၊ ရှုခင်းအလှများ၊ သစ်ပင်ပန်းမန်များ၊ ရေတံခွန်များ၊ ရေခဲတောင်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်သစ်များ၊ သဘာဝအခြေခံဂေဟစနစ်များ၊ ဆောင်းခိုငှက်များ၊ ပင်လယ်ကမ်းခြေများ၊ အံ့ဖွယ်အဆောက်အအုံများ စသည်ဖြင့် စိတ်ဝင်စားဖွယ်ရာများ အမြောက်အမြားရှိသည်။

အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာများ၊ အစိမ်းရောင်အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့်ထိန်းသိမ်းမြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်များနှင့် အနှောင့်အယှက်အဖျက်လုပ်ရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်လူ့စွမ်းအားအရင်းအမြစ်များ စသည်တို့နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရန် လမ်းညွှန်တိုက်တွန်းအားပေးလျက်ရှိသည်။

ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများသည် ဧည့်သည်များ စိတ်ကျေနပ်မှုရှိအောင် ဖန်တီးဖော်ဆောင်ပေးသောလုပ်ငန်းဖြစ်၍ အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ့စီးပွားမြှင့်တင်မှုကို တိုက်ရိုက်အထောက်အကူပြုလျက်ရှိသည့်အပြင် ယနေ့ကမ္ဘာတွင် လိုအပ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အားကောင်းလာစေရေးအတွက် ကျယ်ပြန့်သည့်လုပ်ငန်းကဏ္ဍဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်ရှာဖွေပေးနိုင်သဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဒေသအလိုက် အထောက်အကူပြုနိုင်သည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနယ်ပယ်အသီးသီးတွင် အားလုံးအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။