မြန်မာနိုင်ငံအတွင်း စက်တင်ဘာလ ရက်သတ္တပတ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့နယ်တွင် စိတ်ပြောင်းမူးယစ်ဆေးဝါး အိုက်စ် (မက်သ်အဖက်တမင်း) ငွေကျပ် နှစ်ဘီလီယံကျော်ဖိုးနှင့် Happy Water ငွေကျပ် တစ်ဘီလီယံခွဲကျော်ဖိုး၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းကျော်၊ ဝေါမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း၊ ပင်လောင်းမြို့နယ်တွင် ဘိန်းဖြူဘလောက်တုံး ၉၀ နှင့် အင်းစိန်၊ ကျောက်တလုံးကြီး၊ မြိတ်၊ ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
နိုင်ငံ၊ လူမှုပတ်ဝန်းကျင်နှင့်လူငယ်လူရွယ်များကို ဖျက်ဆီးနိုင်သော အဆင့်မြင့်မူးယစ်ဆေးဝါးများကို ရက်ပိုင်းကာလအတွင်း အရေးယူတားဆီးနိုင်ခြင်းအား အသိအမှတ်ပြုရမည်ဖြစ်သလို နိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဖြန့်ကြက်ဝင်ရောက် နေမှုနှင့် လွတ်မြောက်နေမှုများကိုလည်း ပြည်သူလူထုပူးပေါင်းကူညီမှု၊ အမျိုးသားရေးအသိစိတ်ဖြင့် ပါဝင်ထမ်းဆောင်ကာ အရှိန်အဟုန်မြှင့်တင် ဆက်လက်တိုက်ဖျက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ ဘက်ပေါင်းစုံမှ ကြိုးပမ်းတိုက်ဖျက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအခါ နည်းပညာများ တိုးတက်ပြောင်းလဲနေသောခေတ်ကာလတွင် လူတို့ပြုပြင်ဖန်တီးသည့် ဆန်းသစ်သောမူးယစ်ဆေးဝါးများကို ပြောင်းလဲထုတ်လုပ်လာကြသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံများက အရှိန်အဟုန် မြှင့်တင်တိုက်ဖျက်နေသော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုလုပ်ငန်းများ ပိုမိုကြီးထွားကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လူမှုဘဝနယ်ပယ်တွင် ကျယ်ပြန့်စွာခေတ်စားလာသည့် စိတ်ပြောင်းမူးယစ်ဆေးဝါး (Happy Water) ရောစပ်သုံးစွဲမှုအခြေအနေများမှာ နေ့စဉ်နှင့်အမျှမြင့်တက်နေသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့မြင်နေရသည်။
မူးယစ်ဆေးဝါးသုံးစွဲမိပါက မဖြတ်နိုင်လောက်အောင် စွဲလမ်းတတ်သဖြင့် မစမ်းသပ်မိဖို့ လိုပါသည်။ မူးယစ်ဆေးဝါးသုံးစွဲပါက စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်လန်းဆန်းခြင်း၊ စိတ်လွင့်မြောလွယ်ခြင်း၊ လွတ်လပ်ပေါ့ပါးခြင်းတို့ဖြစ်စေသဖြင့် အထူးသဖြင့် လူငယ်များကြားတွင် စိမ့်ဝင်ပျံ့နှံ့မှုလွယ်ကူလာသည်။ ယခုအခါ စိတ်ပြောင်းဆေးဝါး(Happy Water)ကို ကေတီဗွီ၊ နိုက်ကလပ်ကဲ့သို့ ရွှင်မြူးဖွယ်နေရာများတွင် အသုံးပြုလာကြသည်ကို တွေ့ရသည်။ လူငယ်လူရွယ်များ စိတ်ကူးအပျော်လွန်ကဲသည့်နေရာများ၌ အသုံးချကြသည့်အပြင် မကောင်းမှုဒုစရိုက်များ၊ အကြမ်းဖက်မှုလုပ်ငန်းများတွင်လည်း အသုံးချလာကြသဖြင့် နိုင်ငံများအနေဖြင့် အပြင်းအထန်နှိမ်နင်းနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
စိတ်ပြောင်းမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှဝင်ရောက်လာသော ဓာတုပစ္စည်းများဖြင့် ပေါင်းစပ်အသုံးပြုလာကြသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအတွက် သတင်းအချက်အလက်များ မျှဝေဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပရီကာဆာဓာတုပစ္စည်းများကို နယ်စပ်ဒေသများမှတစ်ဆင့် ဝင်ရောက်လာမှုမရှိစေရေး ပူးပေါင်းထိန်းချုပ်ရေး၊ ထုတ်လုပ်ပြီးသော စိတ်ပြောင်းမူးယစ်ဆေးဝါးများ ပြည်တွင်းသို့ လမ်းကြောင်းအမျိုးမျိုးမှ ထိုးဖောက်ဝင်ရောက်မလာစေရေးတို့ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့များက နိုင်ငံများနှင့်ပူးပေါင်းလက်တွဲ၍ တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ ပြည်သူများကလည်း အမျိုးသားရေးအသိဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးဟူသော ကဏ္ဍငါးရပ်ကိုချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စီမံချက်များ စနစ်တကျချမှတ်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေရှည်တည်တံ့သော ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ ဘက်ပေါင်းစုံမှကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာဖြင့် နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။ ။