နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေး အကောင်အထည်ဖော်ရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် မျက်ခြည်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး စသည့်ကဏ္ဍပေါင်းစုံ၌ ယခင်နှင့်မတူ တိုးတက်ဖြစ်ထွန်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ “မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသတွင်းနိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃)တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ ရည်မှန်းချက်များ၊ ဦးတည်ချက်များ မျှော်မှန်းထားသည့်အတိုင်း အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန်အတွက် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်နိုင်ပါက အနာဂတ်ကာလတွင် ဒေသတွင်းနိုင်ငံများအကြား၌ တင့်တယ်ဝင့်ထည်စွာ ရပ်တည်လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်လွန်ခဲ့သည့်ကာလများက တိုင်းပြည်အပေါ် ဦးဆောင်မှု၊ စီမံခန့်ခွဲမှုလွဲမှားမှုများနှင့် အားနည်းချက်အဖုံဖုံနှင့် အနှောင့်အယှက်အမျိုးမျိုးတို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အားနည်းမှုများနှင့် နောက်ကျကျန်ရစ်ခဲ့မှုများကို တွေ့ကြုံခဲ့ရသည်။
မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝအရင်းအမြစ်များ၊ လူသားစွမ်းရည်များ များစွာပိုင်ဆိုင်ထားသော်လည်း ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးမချနိုင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်တွင်းကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးကို မြှင့်တင်အားပေးပြီး မျက်ခြည်မပြတ် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်၏တာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် ယုံကြည်စွာဖြင့် တာဝန်ပေးအပ်ထားသည့် လုပ်ပိုင် ခွင့်များကိုအသုံးပြု၍ ကိုယ်ကျိုးစီးပွားရှာဖွေသူများကိုလည်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေ ပကတိအခြေအနေလိုအပ်ချက်များကို မှန်မှန်ကန်ကန်သိမြင်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် နယ်မြေဒေသအသီးသီးသို့ ကွင်းဆင်းသွားရောက်၍ ထိတွေ့ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ၏ လိုအပ်ချက်များနှင့်သဘောထားဆန္ဒများ တစ်ထပ်တည်းကျနေရန် အရေးကြီးသည်။ ပြည်သူများ၏ဆန္ဒများကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်မှသာ မျှော်မှန်းထားသည့်ခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ လိုလားချက်များကို ဖြည့်ဆည်းပေးပြီး အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက အမျိုးသားရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာပြီး အနာဂတ်ကာလတွင် မျှော်မှန်းထားသည့်အတိုင်း မလွဲမသွေဖြစ်လာမည်မှာသေချာသည်။ တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်ဆိုသည့်အတိုင်း အမှန်တကယ်အလုပ်လုပ်ကြလျှင် မျှော်မှန်းသည့်အတိုင်း ဖြစ်လာမည်ဟု ယုံကြည်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နှောင့်ယှက်ဖျက်ဆီးမှုများနှင့် စေတနာမထားဆောင်ရွက်မှုများကို ရှင်းလင်းဖယ်ရှားပြီး တစိုက်မတ်မတ် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှု၏ အကျိုးရလဒ်များကို တွေ့မြင်နေရပြီဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း အမှားအမှန်၊ အကောင်းအဆိုးတို့ကို ခွဲခြားနားလည်နေကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း သာယာဝပြောရေးကို မျှော်လင့်နေကြသည်။ မျှော်လင့်ချက်များကို လက်တွေ့ လက်တွဲညီညီ ကြိုးပမ်းအကောင်အထည်ဖော်ကြရန်သာရှိသည်။ ငြိမ်းချမ်းရေးတွင်လည်း အလားအလာကောင်းများရရှိနေပြီး တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသည့် အဖျက်သမားများကို စည်းလုံးညီညီတိုက်ဖျက်ကြကာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့သို့လှမ်းချီ မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။