Skip to main content

နိုင်ငံ့စီးပွားမြင့်မားရေး လုပ်ငန်းအလိုက်ကြိုးပမ်း

 

မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းရည်မှန်းချက်နှစ်ရပ်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကြဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဟုခံယူပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။

ယင်းတို့ကိုအကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက်နှင့် ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများသည် အရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) တွင် “ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသည့်စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်မည်ဆိုပါက တိုင်းပြည်အတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နေ့စဉ်လူဦးရေတိုးပွားလာသည်နှင့်အမျှ စားရေရိက္ခာဖူလုံမှုအတွက် လိုအပ်ချက်များစွာရှိနေသည်။ အဆိုပါစားရေရိက္ခာလိုအပ်ချက်ကို စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံများကသာ ဖြည့်ဆည်းပေးနိုင်သဖြင့် စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်ကြရန်လိုသည်။ အချို့နိုင်ငံများတွင် သီးထပ်စွမ်းအား ရာခိုင်နှုန်း ၃၀၀ခန့် ရှိနေချိန်တွင် မြန်မာနိုင်ငံ၌ သီးထပ်စွမ်းအားရာခိုင်နှုန်း ၁၅၀ ကျော်ခန့်သာရှိသဖြင့် သီးထပ်စွမ်းအားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကျေးလက်နေလူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးတွင် တိုက်ရိုက်ဆောင်ရွက်နေကြသူများဖြစ်သည်။ ကျန်ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးကိုအခြေခံသည့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသူများဖြစ်၍ မြန်မာနိုင်ငံသားအများစုစီးပွားရေးမှာ စိုက်ပျိုးရေးအပေါ်တည်မှီနေသည်။ နိုင်ငံသားများမှာ မွေးမြူရေးအစားအစာများကို အဓိကစားသုံးကြသဖြင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပါက အသား၊ ငါး၊ ဥအမျိုးမျိုးဖူလုံလာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များကို MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနအလိုက် စက်ရုံအလုပ်ရုံများစွာရှိပြီး ထုတ်လုပ်နိုင်စွမ်းလည်းရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်၍ ကုန်ထုတ်လုပ်မှုမြှင့်တင်လျက်ရှိသည်။ စက်ရုံများပြင်ဆင်မှုနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။ စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ပါမှ ကုန်ထုတ်စွမ်းအားမြင့်မားလာမည်ဖြစ်သည်။ နိုင်ငံအတွက် လိုအပ်သည့်ထုတ်ကုန်များကို အရည်အသွေးပြည့်ဝပြီး အဆင့်မြင့်မားစွာ ထုတ်လုပ်နိုင်လျှင် ပြည်တွင်းဝယ်လိုအား မြင့်မားလာပြီး ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်သည်။ တစ်ချိန်သော ကာလက ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးထားသုံးစွဲခဲ့ရသည်များမှာ သတိရစရာဖြစ်သည်။

ယနေ့ကာလကဲ့သို့ ပိတ်ဆို့ဟန့်တားမှုများရှိနေချိန်တွင် နိုင်ငံချစ်စိတ်ဖြင့် မိမိနိုင်ငံတိုးတက်အောင်၊ ဖွံ့ဖြိုးအောင်ကြိုးပမ်းအားထုတ်ကြရမည့်အချိန်ကာလဖြစ်သည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်စေရန်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြှင့်တင်အားပေးနေသကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများလည်း မြင့်မားတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံအပေါ်သစ္စာရှိမှု၊ ယုံကြည်ချက်၊ ခံယူချက်ဖြင့် ကြိုးစားအားထုတ်မှုတို့ကြောင့် အချိန်တိုကာလအတွင်း အောင်မြင်မှုများ၊ တိုးတက်မှုများ ဖြစ်ထွန်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲကလည်း ဆက်လက်၍ ယုံကြည်မှုကိုမြှင့်တင်ပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှု ရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

သို့ဖြစ်ရာ အောင်မြင်မှုဆိုသည်မှာ လုပ်နိုင်စွမ်းအားပေါ်တွင်မူတည်နေသဖြင့် နိုင်ငံတွင်ပိုင်ဆိုင်ထားပြီးဖြစ်သည့် အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာ အသုံးချလုပ်ကိုင်ကြပြီး နိုင်ငံ့စီးပွားတိုးတက်လာအောင် လုပ်ငန်းနယ်ပယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါကြောင်း။     ။