မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပြီးချိန်တွင် နယ်ချဲ့တို့က ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုနိုင်ရန်အတွက် အက်ဥပဒေများပြဋ္ဌာန်းကာ ပုလိပ် (police) အဖွဲ့များ ဖွဲ့စည်းခဲ့ရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းစတင်ခဲ့သည်။ ပုလိပ်အဖွဲ့မှသည် ခေတ်အဆက်ဆက်တွင် အဆင့်ဆင့်ပြောင်းလဲလာခဲ့သော ရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ (People's Police Force) အမည်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ထိုရက်ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် ၁၉၉၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူ့အကျိုးစီးပွား ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲလာစေရေးအတွက် နှစ်အလိုက်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး (၁) ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ (၂) တရားဥပဒေစိုးမိုးရေး၊ (၃) မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ (၄) ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက် ရှိသည်။ အဆိုပါရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့ဖွဲ့စည်းကာ ရဲနှင့်ပြည်သူ၏အချိုးအစားကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ခန့်ထားဆောင်ရွက်ရန်အပြင် ရာဇဝတ်မှုခင်းများ လျော့ပါးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်၊ စွမ်းရည်တို့နှင့်စပ်လျဉ်း၍ “တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေဖြင့် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်နှင့် တာဝန်ကျေပွန်ရန် စသည်များကို စဉ်ဆက်မပြတ် ဆက်လက်ခံယူ လေ့ကျင့်နေကြရမည်ဖြစ်သကဲ့သို့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အကာအကွယ်ပေးစောင့်ရှောက်သွားကြရန်” ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပါမှာကြားချက်ကို အလေးအနက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ လေးစားချစ်ခင်မှုနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မှုတို့ကို ရယူနိုင်ကြရန်လိုသည်။
ထို့အပြင် ‘‘တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှုရှိစေရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေဘက်တော်သား အဖွဲ့အစည်းများအပြင် မိမိတို့တာဝန်ကျရာနယ်မြေအလိုက် ပြည်သူများနှင့်ပါ လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှုမရှိစေရေး၊ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာမရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက်ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင် ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်’’ ဟူသည့် မှာကြားချက်နှင့်အညီ မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင်၊ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန်အတွက် ဒေသခံပြည်သူလူထုကို စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဥပဒေမဲ့ချဉ်းကပ်လာမှု အမျိုးမျိုးတို့ကို သတိပြု ရှောင်ရှားကာ ‘‘သစ္စာ၊ သမာဓိ၊ သတ္တိ’’ ဟူသော ဦးထိပ်ပန်ခံယူ ထားသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ရှေးရှုကာ မမှိတ်မသုန် ကြိုးပမ်းထမ်းဆောင်ကြရန်နှင့် ရည်မှန်းချက်တာဝန် (၄) ရပ်တို့ ကျေပွန်စွာ ဆောင်ရွက်နိုင်ကြရန် အကျိုးမျှော်ကာနှိုးဆော်လျက် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုအပ်ပါကြောင်း။ ။