ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွား လာသောအဖွဲ့အစည်းဖြစ်ပြီး ယခုအောက်တိုဘာလ ၁ ရက်နေ့တွင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တိုင်းပြည်တာဝန်များကို တပ်မတော်ကဏ္ဍတွင်သာမက ကျရာအခန်းကဏ္ဍများတွင်ပါ ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
ပြည်တွင်း/ပြည်ပအန္တရာယ်များကို ကာကွယ်ရန် ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးတာဝန်များတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ရှေ့တန်း၌ ကျန်းမာရေးတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည်။ သမိုင်းဝင်ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ပါဂျိုနားဖော့တိုက်ပွဲ၊ လုပီ-လဂျားယန်းတိုက်ပွဲ၊ လောက်ကိုင်-မုန်းကိုးတိုက်ပွဲ စသည့်တိုက်ပွဲကြီးများတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြပြီး ရှေ့တန်းရောက် တပ်မတော်သားများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာကုသမှုများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသည်။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စစ်မြေပြင် ဆေးကာကွယ်ရေးတာဝန်များအပြင် အရာရှိစစ်သည်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း နိုင်ငံအနှံ့အပြားတွင်ရှိသည့် ဆေးရုံ၊ ဆေးတပ်ရင်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နယ်လှည့်ဆေးကုသရေး တပ်ဖွဲ့ဝင်များကလည်း ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို လှည့်လည်ဆောင်ရွက်ပေးခဲ့ကြသည်။ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ(၂၅ခုတင်)အဆင့်မှ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)အဆင့်အထိ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
မျက်မှောက်ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလိုအပ်လာသည်။ ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် အရပ်ဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအချို့က လုပ်ငန်းခွင်စွန့်ခွာမှုများပြုလုပ်လာသည့်အတွက် နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးဝန်ထမ်းအင်အား များစွာလျော့နည်းခဲ့သည်။ ထိုသို့လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ပြည်သူ့ကျန်းမာရေးကွက်လပ်ကို တပ်မတော်ဆေးရုံနှင့် ဆေးတပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအကျိုးပြု ဆေးကုသမှုလုပ်ငန်းများကို သာမန်အချိန်များတွင်သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်များတွင်လည်း ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် ဂီရိဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်များနှင့် ယခုနှစ် အတွင်းဖြစ်ပွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း စသည့်သဘာဝဘေးအန္တရာယ် များကျရောက်သည့်အခါများတွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက ဖြစ်ပွားရာဒေသများသို့ သွားရောက်ပြီး ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကာကွယ်၊ ကုသ၊ စောင့်ရှောက်မှုများ ပေးခဲ့သည်။
တပ်မတော်သည် နိုင်ငံအတွက်လိုအပ်နေသော ဆေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များနှင့် ဆေးဘက်ဆိုင်ရာပညာရပ်များ မြင့်မားတိုးတက်လာရေးအတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ဆိုင်ရာအဆင့်မြင့်ဘွဲ့ဒီဂရီများရရှိအောင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည့်အပြင် နိုင်ငံတကာဆေးပညာတက္ကသိုလ်များသို့စေလွှတ်ပြီး အဆင့်မြင့်ဆေးပညာများ သင်ယူစေကာ ဆေးပညာရှင်များ မွေးထုတ်ပေးခဲ့သည်။ အလားတူတပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်များတွင်လည်း သူနာပြုနှင့်ကျွမ်းကျင်သူများကို မွေးထုတ်ပေးခဲ့ပြီး နိုင်ငံတကာသို့လည်း စေလွှတ်ကာ အဆင့်မြင့်ဆေးပညာများ လေ့လာဆည်းပူးစေခဲ့သည်။
ထိုသို့ ဆေးပညာများကို မြှင့်တင်အားပေးဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်သွင်းခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်းခွဲစိတ်ကုသခြင်းစသည့် အဆင့်မြင့်ကုသမှုမျိုးစုံကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်တစ်နှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုကို ရှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာခွဲစိတ်နိုင်ခဲ့သည်။ ယခုအခါ တပ်မတော်ဆေးရုံကြီးလေးရုံတွင် ကင်ဆာရောဂါဝေဒနာရှင်များအား ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ကင်ဆာဆေးဖြင့်ကုသခြင်းတို့ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
သို့ဖြစ်ရာ သမိုင်းအစဉ်အလာကောင်းမွန်ခဲ့သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ တပ်မတော်ဆေးဘက်ဆိုင်ရာ ပင်မတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းနှင့် ပြည်သူများအား ပုံမှန်အချိန်များအပြင် အရေးပေါ်ကာလတွင်ပါ စွမ်းစွမ်းတမံ ကုသစောင့်ရှောက်ပေးခဲ့ခြင်းများကို ဂုဏ်ယူအသိအမှတ်ပြုအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်