မိမိတို့နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စနစ်တကျ စုဖွဲ့ တည်ဆောက်ထား ခြင်းဖြစ်သဖြင့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၆
မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန်စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ အောက်တိုဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဖွဲ့စည်းခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်၊ တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ကမ်းခြေစောင့် တပ်ဖွဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်မှု
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ်တွေ့ဆုံပွဲ၌ အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပင်ဖြစ်ပြီး မိမိကိုယ်တိုင်ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံ၏ကမ်းခြေစောင့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နှစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာများတွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်း ပိုင်ဆိုင်သော ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း ကျွန်းပေါင်းများစွာရှိကာ သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့် အလမ်းများများစွာရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ)အပြင် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟုယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူလေ့လာ ဆောင်ရွက်ခဲ့ရကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတမ်းတစ်လျှောက်နှင့် ပိုင်နက်ပင်လယ်ပြင်အတွင်း နယ်နိမိတ်၏ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးတာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ယခု တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များသည် မိမိတို့နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စတင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)မှ ရှိရင်းစွဲ လူသားအရင်းအမြစ်များ၊ ရေယာဉ်များဖြင့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင်စနစ်တကျစုဖွဲ့ တည်ဆောက်ထားခြင်းဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။
ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့မရှိသည့်အတွက် ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ပြီးရေကြောင်း အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း။
လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး တို့ကို အချိတ် အဆက်မိမိဆောင်ရွက်
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့် တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်ထားသည့် တာဝန်များကိုကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆောင်ရွက်ခြင်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို ပိုမိုအသုံးချ နိုင်ရန်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ အရည်အသွေးပြည့်ဝရန် လိုသကဲ့သို့ ရေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာ၌ ပြည်တွင်း၊ ပြည်ပမှ ချမှတ်ထားသည့် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကိုသိရှိ နားလည်ထားမှသာလျင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ ပိုမိုလွယ်ကူမည်ဖြစ်ပြီး နိုင်ငံတကာနှင့်လည်း တွင်တွင်ကျယ်ကျယ် ဆက်ဆံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့အဆင့်အလိုက် သိသင့်သိထိုက်သည့် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊
အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ပြီး စည်းကမ်းစနစ်တကျဆောင်ရွက်ခြင်းဖြင့် မိမိတို့တပ်ဖွဲ့၏ အုပ်ချုပ်မှုကောင်းခြင်းကို ပြသနိုင်ရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များကို မှန်မှန်ကန်ကန်ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပြီး လူမှုရေး၊ ကျန်းမာရေးဆိုင်ရာအခက် အခဲများလည်း တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း။
သက်သာချောင်ချိရေးပိုင်းနှင့် ပတ်သက်၍ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းဖြင့် တစ်ဦးချင်းစီ၏ သက်သာချောင်ချိမှုကို တည်ဆောက်သွားရန် လိုအပ်သကဲ့သို့ တပ်ဖွဲ့မှလည်း တစ်ဦးချင်း သက်သာချောင်ချိမှုရှိစေရေး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိကိုယ်ကို အလိုလိုက်ခြင်းဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး မိမိလက်အောက်ကို အလိုလိုက်ခြင်းဖြင့် တပ်ဖွဲ့၏ စည်းကမ်းစနစ်တကျဖြစ်မှုကို ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ညီညွတ်မျှတစွာ ကွပ်ကဲဦးဆောင်၍ တပ်ဖွဲ့ဝင်တစ်ဦး တစ်ယောက်ချင်းစီ၏ နေထိုင်သွားလာစားသောက်မှု၊ ဝတ်စားဆင်ယင်မှု စည်းကမ်းစနစ်တကျ ရှိခြင်းမှသည် တပ်ဖွဲ့ကောင်းတစ်ရပ်ကို ပုံဖော်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကာကွယ်မည်၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းဖြင့် ဝင်ရောက်အမှုထမ်းခဲ့သူများ ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲ စိတ်ဓာတ်ကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှသာလျင် စည်းကမ်းကောင်းမွန်မည်ဖြစ်ပြီး စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တပ်ခုဖြစ်စေရေးအတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ကောင်းမွန်ရေးစသည့် အချက်လေးချက်ကို တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိပြီဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ပိုင်နက်ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ယခုထက် ပိုမိုသည့် စွမ်းဆောင်ရည်ကို ပြသသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ဆောင်ရွက်သွားကြရန်နှင့် စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ကြရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်တာကာလအတွင်း ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များနှင့် ရှာဖွေကယ်ဆယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု ဂုဏ်ပြုတံဆိပ်ကိုပေးအပ်ရာ ကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကမ်းခြေစောင့်တပ်ဖွဲ့တပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြု ပြန်လည်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်အစည်းအဝေးခန်းမ၌ ရည်မှန်းချက်တာဝန်ထမ်းဆောင် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်အတွင်း လှည့်လည်၍ နိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ရာသီဥတုအခြေအနေနှင့် လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်သတင်းအချက်အလက် စုဆောင်းမှုစနစ်ဖြင့် တာဝန်ထမ်းဆောင်နေမှုများ၊ တပ်ဖွဲ့ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများ၊ စာကြည့်တိုက် ပြုလုပ်ထားရှိမှုများကို လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် လိုအပ်သည်များမှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်များ အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ၏အလေးပြုခြင်းကို ခံယူကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်အတွင်း လှည့်လည်၍ အရာရှိ၊ စစ်သည် မိသားစုများအတွက် နောင်ရိုးသောက်ရေသန့်စက်ရုံ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အိမ်ထောင်သည် လိုင်းခန်းများအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်