ကမ္ဘာပေါ်တွင် အမြင့်မားဆုံးတောင်တန်းကြီးမှာ ဟိမဝန္တာတောင်တန်းကြီးဖြစ်သည်။ ဟိမဝန္တာကို ကမ္ဘာ့ခေါင်မိုးဟုဆိုကြသည်။ ထူးခြားဆန်းကြယ်ပြီး အံ့ဩ ဖွယ်ရာများစုံလင်သည့် ဟိမဝန္တာတောင်တန်းကြီးသည် ရေထုဖုံးနေသောကမ္ဘာကြီး စတင်ဖြစ်တည်စဉ် ဦးစွာပေါ်ထွန်းခဲ့သော တောင်တန်းကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် ပတ်ကွိုင်တောင်တန်းသည် ဟိမဝန္တာ တောင်တန်းကြီးမှ ဆင်းသက်လာသည်။ အရှေ့မြောက်ဘက်မှ အနောက်ဘက်သို့ နိုင်ငံတော်၏ နယ်နိမိတ်သဖွယ် ကာဆီးထားပြီး တောင်ဘက်စွန်းတွင် နာဂတောင်တန်းရှိသည်။
ဟိမဝန္တာတောင်တန်းကြီးသည် အိန္ဒိယတိုက်ငယ်နှင့် ဗဟိုအာရှအကြား ပထဝီဝင်အနေ အထားအရ တံတိုင်းကြီးသဖွယ်ပိုင်းခြားထားသည်မှာ အံ့ဩဖွယ်ဖြစ်သည်။ ပေပေါင်းသုံးသောင်း နီးပါးမြင့်သည့် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကြီး တည်ရှိသည်။ တောင်တန်းကြီးသည် အရှေ့မှအနောက်သို့ မိုင်ပေါင်း ၁၅၀၀ ရှည်လျားပြီး တောင်တန်းအကျယ်မှာ မိုင် ၁၅၀ မှ ၂၀၀ နီးပါးရှိသည်။ တောင်ထွတ် ပေါင်း ၅၀ နီးပါးရှိပြီး လေးကိုင်းသဖွယ်ဆင်းနေသည်။ ဟိမဝန္တာ တောင်တန်းကြီးတွင် ဥတုရာသီအမျိုးမျိုးရှိသကဲ့သို့ သားငှက်တိရစ္ဆာန်များလည်း စုံလင်စွာရှိသည်။ မြင့်မားသောတောင်တန်းများတည်ရှိရာဒေသဖြစ်၍ လူသူသွားလာမှု မလွယ်ကူပေ။
ထူးခြားဆန်းကြယ်ပြီး အံ့ဩဖွယ်စုံလင်သည့် ဟိမဝန္တာတောင်တန်းမြေတွင် တည်ရှိနေသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းကြီးဗဟိုတွင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘူတန်၊ တရုတ် အာရှငါးနိုင်ငံတည်ရှိပြီး တောင်စွယ် တောင်တန်းများဖြတ်သန်းရာဒေသများတွင် နိုင်ငံရှစ်နိုင်ငံရှိသည်။ အဆိုပါနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး မြန်မာနိုင်ငံ၏ တည်နေရာဒေသအားလုံး၏ ၄၇ ရာခိုင်နှုန်းသည် ဟိမဝန္တာဒေသအတွင်းကျရောက်နေသည်။ မြန်မာနိုင်ငံ မြောက်ဘက်အစွန်ရှိ ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ၊ ပတ်ကွိုင်တောင်တန်းကြီးများ သည် ဟိမဝန္တာတောင်တန်းကြီး၏ ဗဟိုဒေသနှင့်အနီးစပ်ဆုံးဖြစ်သည်။
မြန်မာနိုင်ငံသည် ဟိမဝန္တာဒေသတွင် တစ်ဝက်နီးပါးကျရောက်နေသည့် နိုင်ငံဖြစ်ပြီး ထူးခြားဆန်းကြယ်မှုများနှင့်အသုံးဝင်မှုများကို များသောအားဖြင့် သတိမမူမိပေ။ ထို့ကြောင့် ဟိမဝန္တာနှင့်ပတ်သက်၍ နိုင်ငံသူ နိုင်ငံသားများ သိရှိထားသင့်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အချက်အချာနေရာများဖြစ်သော အင်ဒို-မြန်မာ၊ တရုတ်အနောက်တောင် တောင်တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒဆိုင်ရာ ကူးပြောင်းမှုဧရိယာ အတွင်းတည်ရှိသည်။ ကချင်ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသများတွင် သဘာဝထိန်းသိမ်းရေးနယ်မြေရှစ်ခု ရှိပြီး နိုင်ငံဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ရှိသည်။
သက်ရှိလောကတွင် သဘာဝပတ်ဝန်းကျင်၊ လူသားများနှင့် တိရစ္ဆာန်များ သဟဇာတရှိစွာ ရှင်သန်ရေးသည် အရေးကြီးသည်။ အဆိုပါ ဂေဟစနစ်ကြီးတစ်ခုလုံး ရှင်သန်ဖွံ့ဖြိုးထိန်းသိမ်း ထားနိုင်မှသာ သက်ရှိများအားလုံး ရှင်သန်ဖွံ့ဖြိုးမည် ဖြစ်သည်။ အဆိုပါဂေဟစနစ်ကြီးတစ်ခုလုံး ပျက်သုဉ်းလာပါက သက်ရှိလောကကြီး တစ်ခုလုံး ထိခိုက်လာမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာ နေထိုင်မှုသည် လူသားများနှင့်သဘာဝအကြား အပြန်အလှန် အမှီသဟဲပြုပြီး ကောင်းမွန်သော သက်ရှိလောကကို ဖန်တီးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သစ်တောများကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး လုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေးကဏ္ဍအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ပူးပေါင်းလက်တွဲလျက် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သောဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ကဏ္ဍသုံးခု ချိတ်ဆက်ပေးရန်ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ ရှင်ကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံ မှ ကိုယ်စားလှယ်များတက်ရောက်ပြီး ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဟိမဝန္တာတောင်တန်းဒေသကြီးသည် လူသားမျိုးနွယ်၊ သက်ရှိသတ္တဝါနှင့်ဂေဟစနစ်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးပါသည့်ဒေသကြီးဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် ဟိမဝန္တာတောင်တန်း ဒေသနိုင်ငံများအကြား သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝအခြေပြုလုပ်ငန်းများ အကောင်အထည် ဖော်ရေးအတွက် လက်တွေ့ကျ၍ ခိုင်မာသောမူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်အကြံပြုခဲ့ပြီး ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့်ရပ်ဝန်းဆိုင်ရာကိစ္စများတွင် နိုင်ငံများနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)