နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ရုပ်ဝတ္ထု (material)၊ ငွေကြေး (money)နှင့် လူသား (man) အရင်းအမြစ် သုံးမျိုး (3Ms) ကို အကျိုးရှိ အထိရောက်ဆုံးအသုံးပြုရမည်ဟု ပညာရှင်များက ဆိုကြသည်။ ရုပ်ဝတ္ထုအရင်းအမြစ်တွင် သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူလုပ်ပစ္စည်းကိရိယာများအားလုံး လွှမ်းခြုံပါဝင်ပြီး ငွေကြေးအရင်းအမြစ်တွင် နိုင်ငံ၏ပြည်တွင်း ပြည်ပတွင်ရှိနေသော ငွေကြေးအရင်းအနှီးအားလုံးပါဝင်သည်။ လူသားအရင်းအမြစ်တွင်မူ နိုင်ငံသားပြည်သူများ၏ ကာယ၊ ဉာဏစွမ်းအားများ၊ အသိပညာအတတ်ပညာကျွမ်းကျင်မှုများနှင့် စိတ်ဓာတ်ရေးရာအခြေအနေများ ပါဝင်သည်။
အဆိုပါ အရင်းအမြစ်သုံးမျိုးအနက် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ကို လူတို့ကပင် ကိုင်တွယ်ဆောင်ရွက်ပြီး တိုးတက်အောင်ကြိုးပမ်းကြရခြင်းဖြစ်ရာ လူသားအရင်းအမြစ်သည် ပဓာန၊ လူသားအရင်းအမြစ်ကို ထိရောက်စွာအသုံးပြုခြင်းဖြင့် အခြားအရင်းအမြစ်များကိုလည်း သုံးလာနိုင်စွမ်းရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ လူသားအရင်းအမြစ်ကို ထိရောက်စွာ အသုံးချသည်ဆိုရာတွင် အလုပ်ကိုအားကြိုးမာန်တက် လုပ်ကိုင်ကြရန် နှိုးဆော်တိုက်တွန်းခြင်းထက် လုပ်အားကို အစွမ်းကုန်အသုံးချလာနိုင်စေမည့် အခြေအနေများဖန်တီးပေးခြင်းက ပိုမို၍ထိရောက်အားကောင်းသော နည်းလမ်းဖြစ်သည်ဟု ပညာရှင်တို့ကဆိုသည်။ ထိုသို့အခြေအနေများ ဖန်တီးပေးရာတွင် လူတို့၏တီထွင်ဖန်တီးမှုများ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ ဖော်ထုတ်အသုံးချနိုင်မည့် အဆောက်အအုံပိုင်းဖွဲ့စည်းမှု၊ နေရာချထားမှုတို့ လိုအပ်သလို နိုင်ငံကိုအကျိုးပြုမည်ဟူသော ယုံကြည်ချက်၊ အတွေးအခေါ်၊ အယူအဆများ ပေါ်ထွန်းလာစေရေးမှာလည်း လွန်စွာအရေးကြီးသည်ဟု ဆိုထားသည်။
ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကို အခြေခံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံသူနိုင်ငံသားများ စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ အစားအစာဘေးကင်းလုံခြုံရေးတို့ကိုလည်း အလေးအနက်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၆ ရက်က သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မှာကြားရာတွင် “စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစားပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီးဖြစ်ကြောင်း၊ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ရန်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှဖန်တီးပေးရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံသည် အရင်းအမြစ်များကြွယ်ဝသလို အလားအလာကောင်းများကိုလည်း ပိုင်ဆိုင်ထားပါလျက် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေရခြင်းတွင် လူသားအရင်းအမြစ်ကို ဆန်းစစ်ရမည်ဖြစ်သည်။ ပညာရှင်တို့အဆိုအမိန့်အရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသည် လူသားဆိုင်ရာလုပ်ငန်းတာဝန် (Human Undertaking) ဖြစ်ပြီး လူပိုင်းဆိုင်ရာကို ဦးစွာချဉ်းကပ်ဖြေရှင်းရန် လိုအပ်သည်ဟုဆိုသည်။ နိုင်ငံစီးပွားမြင့်မားမှ နိုင်ငံသားတို့၏လူမှုစီးပွားဘဝများလည်း လိုက်ပါမြင့်မားနိုင်မည်ဖြစ်ရာ ဒီမိုကရေစီစနစ်အရ နိုင်ငံတွင်မည်သည့်အစိုးရက တာဝန်ယူသည်ဖြစ်စေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများမှာမူ စဉ်ဆက်မပြတ် လုပ်နေရမည်သာဖြစ်သည်။ အလုပ်လုပ်နိုင်ရေးအတွက် အစိုးရက ဖန်တီးပေးခြင်းနှင့်အတူ အမှန်တကယ် အလုပ်လုပ်ကြသည်နှင့်အမျှ ဖွံ့ဖြိုးမှုနောက်ကျသည့်ဘဝမှ ရုန်းထနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။