မြန်မာနိုင်ငံသည် ကုန်းတွင်းပိုင်း၌ လက်ယှက်ထိုးနေသော မြစ်ချောင်းများပေါများပြီး ကြီးမားကျယ်ပြန့်ရှည်လျားသည့် ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားသည်။ မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဘက်အစွန်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် နတ်မြစ်ဝမှ တောင်ဘက်အစွန်ဆုံး ထိုင်းနိုင်ငံနယ်စပ် ဘုရင့်နောင်အငူအထိ ရှည်လျားသည်။ ရခိုင်ကမ်းရိုးတန်းသည် ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ်သည် ၄၃၇ ကီလိုမီတာနှင့် တနင်္သာရီကမ်းရိုးတန်းသည် ၁၀၇၈ ကီလိုမီတာရှိသဖြင့် ကမ်းရိုးတန်းအရှည် ၂၂၂၈ ကီလိုမီတာ၊ မိုင်ပေါင်း ၁၃၀၀ ကျော်ရှိသည်။
ဤသို့ရှည်လျားသော မြန်မာ့ပင်လယ်ကမ်းရိုးတန်းနှင့်ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော် (ရေ) က သမိုင်းကြောင်းတစ်လျှောက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ပြောင်းလဲတိုးတက်လာသော ခေတ်ကာလဝယ် ကျယ်ပြန့်ရှည်လျားသည့် မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေးအတွက် တပ်မတော် (ရေ) ကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ခေတ်မီရေတပ်မတော်အဖြစ် တည်ဆောက်ခဲ့ပြီးနောက် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးနိုင်ရန် ထပ်မံလိုအပ်လာသည်။
မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန်စသည့် ရည်ရွယ်ချက်တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ နှစ်နှစ်မြောက်ကာလအတွင်း အကျိုးရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပိုင်နက်ပင်လယ်ပြင်အတွင်း နယ်နိမိတ်၏ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးတာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်ပါကြောင်း၊ ယခုတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များသည် မိမိနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းသစ်တစ်ခုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် (ရေ) မှ ရှိရင်းစွဲလူသားအရင်းအမြစ်များ၊ ရေယာဉ်များဖြင့် စနစ်တကျဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်သဖြင့် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း” ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာတို့တွင် တတ်နိုင်သမျှပြည့်စုံအောင် နိုင်ငံတော်ကဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကျယ်ဝန်းသောပင်လယ်ပြင်နှင့် ရှည်လျားသည့်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ကမ်းရိုးတန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာရှိကာ သဘာဝကပေးအပ်ထားသော အရင်းအမြစ်များ၊ အပြာရောင်စီးပွားရေးအခွင့်အလမ်းများ များစွာရှိသည်။ ထို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်ကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော် (ရေ) အပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ဆောက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူလေ့လာဆောင်ရွက်ခဲ့သည်။
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်ကိုကာကွယ်မည်၊ နိုင်ငံသူနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်မည်ဟူသည့် နဂိုရှိရင်းစွဲ အရင်းခံစိတ်ဓာတ်ကောင်းများဖြင့် ဝင်ရောက်အမှုထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ တပ်ဖွဲ့ဝင်များ၏ တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်ထမ်းဆောင်မှု နှစ်နှစ်တာကာလအတွင်း ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များနှင့် ရှာဖွေကယ်ဆယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည်။
သို့ဖြစ်ရာ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးတာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုပြီး ယခုထက်ပိုမိုကောင်းမွန်မည့် စံပြုကမ်းခြေစောင့်တပ်ဖွဲ့တစ်ခုဖြစ်အောင် ဆက်လက်ဆောင်ရွက်ကာ စွမ်းရည် ထက်မြက်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားနိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။ ။