ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးစနစ်သုံးခုတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစနစ်ရှိ ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်ကျစရိတ်အသက်သာဆုံးနှင့် ဝန်စည်အများဆုံး သယ်ဆောင်နိုင်သော ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။ ရထားပို့ဆောင်ရေးတွင် ခရီးသည်ပို့ဆောင်ရေးအပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် ကုန်ရထားများ တိုးချဲ့ပြေးဆွဲရေးလုပ်ငန်းများကို နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိသည်။
“သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဒီဇယ်စက်ခေါင်း ပြင်စက်ရုံ(မလွှကုန်း)၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုလာသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း ရထားကွန်ရက်စနစ်များ ဖြန့်ကြက်ထားပြီး ခရီးသည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကို ယနေ့ထက်တိုင် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။ နှစ်စဉ်တိုးတက်ပြောင်းလဲလာသော နိုင်ငံဖွံ့ဖြိုးမှု၊ လူမှုစီးပွားတိုးတက်မှုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ရထားပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်လာစေရန်အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်လျော်ညီစွာ ရထားစက်ခေါင်းများ၊ တွဲဆိုင်းများ၊ သံလမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ရထားစက်ခေါင်းများ ထုတ်လုပ်ရေး၊ ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်း ထားသည်။
ရထားပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ရထားလမ်းများကောင်းမွန်မှသာလျှင် ရထားစက်ခေါင်းများ၊ ရထားတွဲများ ကြံ့ခိုင်ကောင်းမွန်မည်ဖြစ်သည့်အတွက် ရထားသံလမ်းများ၌ ကျောက်ထည့်သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်းခြင်းတို့ကို စံချိန်စံညွှန်းပြည့်မီရန်နှင့် နည်းစနစ်တကျဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ရထားလမ်းကြောင်းကောင်းမွန်ပါမှ ရထားခရီးစဉ်ပြေးဆွဲမှု အချိန်ဇယားများလည်း တိကျမှန်ကန်မည်ဖြစ်သည်။ ရထားပို့ဆောင်ရေးသည် ကြီးမားကျယ်ပြန့်သည့်လုပ်ငန်းဖြစ်၍ အစဉ်အလာကောင်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်မှုအဆင်ပြေစေရေးအတွက် ယခင်က နှစ်စဉ် ရထားစက်ခေါင်းတွဲများကို ပြည်ပမှ မှာယူတင်သွင်းခဲ့သည်။ ရထားခေတ်ဦးကာလကရှိခဲ့သည့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းမည်းကြီးများ ယနေ့ထက်တိုင် သမိုင်းမှတ်တမ်းအဖြစ်ရှိနေပြီး အဆိုပါရေနွေးငွေ့သုံးစက်ခေါင်းများကို ပြုပြင်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွင် အသုံးပြုနိုင်သည်။ ရထားပို့ဆောင်ရေးလုပ်ငန်းသည် သမိုင်းကြောင်းရှည်လျားပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် စနစ်ကျနသော လုပ်ငန်းတစ်ခုဖြစ်၍ ယင်းတို့ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။
မလွှကုန်း မီးရထားယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း ၉၀၂၁ တွဲကို အသုံးပြု၍ ကုန်စည်သယ်ယူပို့ဆောင်ရေးကို များစွာအထောက်အကူပြုခဲ့သည်။ ၁၉၄၀-၁၉၄၁ခုနှစ်တွင် ကုန်တန်ချိန် လေးသန်းအထိ အများဆုံးသယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ယနေ့ထက်တိုင်အောင် ကုန်ရထားတွဲဆိုင်းများ ဖွဲ့ဆင်၍ စေလွှတ်ခြင်းနှင့်လက်ခံခြင်းတို့ကို ပြုလုပ်လျက်ရှိသည့် အဓိကကျသော ယာဒ်ဝင်း ဖြစ်သည်။ စက်ခေါင်းများ ပြုပြင်မွမ်းမံသည့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ ကုန်တွဲပြင် အလုပ်ရုံများ တည်ရှိရာနေရာဖြစ်သည်။ ထို့အပြင် ရထားလမ်းတံတားများ၊ ကားလမ်း ခုံးကျော်တံတားများအတွက် လိုအပ်သည့် တံတားပေါင်များ ထုတ်လုပ်ပေးလျက်ရှိသော တံတားပေါင်အလုပ်ရုံနှင့် စက်ယန္တရားကြီးများ မွမ်းမံထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံတော်နှင့်ပြည်သူတို့ အားထားနိုင်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းအဖြစ် ခိုင်မာစွာရပ်တည်နိုင်ရေး ရည်မှန်းချက်ထားရှိကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်းနှင့်အလားတူ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ၊ မြစ်ငယ်မီးရထားစက်ခေါင်းစက်ရုံစသည့် ယာဒ်ဝင်းတို့သည် သမိုင်းကြောင်း အစဉ်အလာကောင်းများစွာဖြင့် မြန်မာ့မီးရထားခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိပါကြောင်း။ ။