တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အသေးစိတ်အကျေအလည် ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲခဲ့ကြခြင်းဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စကားလုံးအသုံးအနှုန်းတစ်ခုချင်းမှသည်၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ ပုဒ်မတစ်ခုချင်း၊ အခန်းတစ်ခန်းချင်းအထိ အသေးစိတ် အကျေအလည် ညှိနှိုင်းခဲ့ကြရခြင်းဖြစ်ပြီး ကြိုတင်သဘောတူညီချက်များအနေဖြင့်မူ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး ပြည်သူတို့၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းကြမည်ဟူသော အချက်များပင်ဖြစ်သည်။
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် နှစ်ပေါင်းရှည်ကြာ အဖြေရှာမတွေ့နိုင်ခဲ့ကြသည့်အလျောက် နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်ရန်အတွက် NCA ပေါ်ပေါက်လာရခြင်းပင်ဖြစ်ရာ စင်စစ်အားဖြင့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဟူသော အခြေခံမူတစ်ရပ် NCA တွင် ထည့်သွင်းပါရှိနေခြင်းဖြစ်သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မျှသာမကဘဲ ပိုမိုကျယ်ပြန့်မြင့်မားသည့် ရည်ရွယ်ချက်များ၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ပေးနိုင်မည့် စစ်မှန်ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်သည်။
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းသိပြည်သိ၊ ကမ္ဘာသိ ခမ်းခမ်းနားနားကျင်းပခဲ့ခြင်းဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း (၈)နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် ၇၀ စွဲကိုင်ကျင့်သုံးခဲ့ကြသည့် လက်နက်ကိုင်လမ်းစဉ်သည် အောင်မြင်မှုမရသည့်အပြင် မိမိဒေသ၊ မိမိလူမျိုးအပါအဝင်ဖြစ်သော ပြည်ထောင်စုကြီးတစ်ခုလုံးကို ထိခိုက်နစ်နာဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ရာ နိုင်ငံရေးယဉ်ကျေးမှုနှင့်သာ အဖြေရှာသွားကြသင့်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဖြစ်နေပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခတို့ကို နိဂုံးချုပ်အဆုံးသတ်၍ နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကိုသာ အားလုံးပါဝင်ဆောင်ရွက် သင့်ကြပြီဖြစ်သည်။ စာချုပ်အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စတင်သည်ဖြင့်ပင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတို့ စတင်သက်ရောက်ဖြစ်ပေါ်လာကာ ငြိမ်းချမ်းရေး၏ ပဏာမရသတို့ကို ပြည်သူများစတင်ခံစားကြရသည်။ စာချုပ်ပါသဘောတူညီချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ကြခြင်းအားဖြင့်လည်း NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း လက်နက် ကိုင် ပဋိပက္ခများ ထပ်မံပေါ်ပေါက်လာမည်မဟုတ်တော့။ မတော်တဆဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခအငယ်စားတို့မှာလည်း စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းသွားကြရခြင်းသာဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် နိုင်ငံတော်၏ပကတိလိုအပ်ချက်များပင်ဖြစ်ရာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားစေရန်လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်။” ဟူသောအချက်ကို ထည့်သွင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)တို့အပေါ်တွင် အခြေခံရပ်တည်လျက်ရှိသည်။ ယခုအခါ NCA ၏ သက်တမ်းမှာ (၈)နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့်အညီချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုကြီးအဖြစ် အနာဂတ်မျိုးဆက်သစ်များသို့ ကောင်းသောအမွေပေးနိုင်ပါစေကြောင်း။ ။