Skip to main content

ပိုမို၍ထိရောက်စွာဆောင်ရွက်

နိုင်ငံ့စီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန်လိုအပ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေခြင်းသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်ကုန်သွယ်မှုများကို ကြီးမားလှစွာသော အနှောင့်အယှက်အဟန့်အတားပင်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်သွားသည်အထိ တိုက်ဖျက်သွားရမည်ဖြစ်သည်။

“နိုင်ငံတိုင်းတွင် တရားမဝင်ကုန်သွယ်မှုများရှိသော်လည်း မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက်ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကိုပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့်မဆောင်ရွက်နိုင်ပါက နိုင်ငံ၏စီးပွားရေးကိုထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းများစွာထိခိုက်စေပါကြောင်း။” ဖြင့်လည်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့နိုင်ငံတွင် စီမံကိန်းချစီးပွားရေး စနစ်ကျင့်သုံးခဲ့သည့်ခေတ်အတွင်း ကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ရာ မှောင်ခိုကုန်သွယ်မှုအဖြစ် လူသိများခဲ့သည့် အဆိုပါတရားမဝင်လုပ်ငန်းတွင် ဌာနဆိုင်ရာအချို့မှ အကျင့်ပျက်ဝန်ထမ်းများပါ ပါဝင်ပတ်သက်ခဲ့ကြသည်ကိုတွေ့ရသည်။ ခေတ်အဆက်ဆက်တွင် အမြစ်တွယ်ကြီးထွားခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အားနည်းချက်များကို ဖြည့်ဆည်းပြီး မဖြစ်မနေသန္နိဋ္ဌာန်ဖြင့် ပိုမို၍ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်သည်။

ယခုအခါ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်ချက်ဖြင့် တစ်နှစ်ထက်တစ်နှစ်ပို၍ ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုးများ ပိုမိုဆောင်ရွက်နိုင်သည့်တိုင်အောင် တရားမဝင်ကုန်သွယ်မှုမှာ လျော့နည်းပပျောက်သွားခြင်းမရှိသည်ကိုတွေ့ရသည်။ ဤသည်မှာ တရားမဝင်ကုန်သွယ်သူများအနေဖြင့် ဖမ်းဆီးမှုများရှိနေသော်လည်း ဆက်လက်လုပ်ကိုင်မြဲဖြစ်ပြီး ဥပဒေ၏ အားနည်းချက်အပေါ်တွင် အသုံးချ၍ တရားမဝင်ကုန်သွယ်မှု ဆက်လက်ရှင်သန်နေခြင်းဟု ယူဆဖွယ်ရှိသည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် တရားမဝင်ပြောင်းဆန်တင်ပို့မှုများကို ဖော်ထုတ်နိုင်ခဲ့ပြီး ရထား၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပို့ကုန်အဖြစ် တင်ပို့ရန်ကြိုးပမ်းခဲ့သည့် ပြောင်းစေ့တန်ချိန် ၄၆၀၀ ခန့်၊ ကာလတန်ဖိုးကျပ် ၂ ဒသမ ၉ ဘီလီယံကျော်ကို သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်အရေးယူနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့်အထောက်အထားမဲ့ ပစ္စည်းများသည် ပြောင်းစေ့များဖြစ်ပြီး ပျက်စီးလွယ်သည့် ပစ္စည်းများဖြစ်ခြင်းကြောင့် ဥပဒေအရ အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပစ္စည်းများကိုမပျက်မစီးဘဲ ထုခွဲရောင်းချနိုင်ခဲ့သည်။ စနစ်တကျဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မူလခန့်မှန်းသည့်ငွေပမာဏထက်ပိုမိုရရှိပြီး နိုင်ငံအတွက်ပိုမိုအကျိုးဖြစ်ထွန်းစေခဲ့သည်။ တရားမဝင်ကုန်သွယ်မှုသည် သွင်းကုန်ပိုင်းမှာသာမက ပို့ကုန်ပိုင်းမှာပါရှိနေခြင်းဖြစ်ရာ အထူးအဖွဲ့များက ယခင်ထက်ပို၍ စေ့စေ့စပ်စပ်ဖော်ထုတ်ဖမ်းဆီးရန်လည်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက မှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအတွက်ပါ မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ရာ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကအလေးအနက်ထားကာ ပိုမိုကြိုးပမ်းထမ်းရွက်ကြရပါမည့်အကြောင်း။ ။