နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမှန်ကန်ချောမွေ့စွာလည်ပတ်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် အဟန့်အတားများရှိနေပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး နှေးကွေးနေမည်ဖြစ်သည်။ နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများ တားဆီးနေသည့်ကြားမှ ရှိနေသည်ကိုတွေ့ရသည်။
တရားမဝင်ကုန်သွယ်မှု သို့မဟုတ် မှောင်ခိုရောင်းဝယ်မှုသည် နိုင်ငံတိုင်းတွင်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ် မှောင်ခိုရောင်းဝယ်မှုသည် ခေတ်အဆက်ဆက်ကတည်းက ကျယ်ပြန့်စွာအမြစ်တွယ်လာခဲ့သည်။ တံခါးပိတ်စီးပွားရေးခေတ်ကာလက မှောင်ခိုရောင်းဝယ်မှုများ ရှိမည်မှန်သော်လည်း ဈေးကွက်စီးပွားရေးစနစ်တွင် တရားမဝင်ကုန်သွယ်မှု မှောင်ခိုရောင်းဝယ်မှုများရှိနေသည်မှာ မတော်လောဘ၊ အတ္တအကျိုးစီးပွားအတွက် နိုင်ငံ့အကျိုးစီးပွားကို မငဲ့ကွက်သည့်လုပ်ရပ်များဖြစ်၍ ထိရောက်စွာအရေးယူရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုတားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုကို တစ်နိုင်ငံလုံးဖြန့်ကြက်၍ အရေးယူတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ကုန်သွယ်မှုများတွင် တရားမဝင်ကုန်သွယ်မှုများရှိနေသောကြောင့် နိုင်ငံ့ဝင်ငွေများ ထိခိုက်နစ်နာလျက်ရှိသည့်အပြင် ပြည်တွင်း၌ကုန်သွယ်မှုများဆောင်ရွက်ရာတွင်လည်း တရားဥပဒေနှင့်မညီသည့် မမှန်မကန်ဆောင်ရွက်မှုများကြောင့် ထိခိုက်နစ်နာမှုများရှိနေသည်ကိုလည်း တွေ့ရသည်။ ပြီးခဲ့သည့် ဇူလိုင်လနှင့်ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေယာဉ်၊ မီးရထား၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပြောင်းဆန်သယ်ယူမှုများကို ထူးခြားဖြစ်စဉ်အနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ကျော်၍ တရားမဝင်ပြောင်းဆန်များတင်ပို့ရန်ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်။ ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကွန်တိန်နာ ၁၁ လုံး တရားမဝင်ထုတ်ယူမှုကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ဩဂုတ်လ ၂ ရက်နေ့က မော်လမြိုင်ဘူတာသို့ ဆိုက်ရောက်ကုန်တင်တွဲငါးတွဲ၌ တင်ပို့လိုင်စင်နှင့်ကျူအာကုတ်မပါသည့် အထောက်အထားမဲ့ ပြောင်းစေ့အိတ် ၁၆၅၉ အိတ်နှင့်ဆက်စပ်မှုအရ ပဲခူး-မော်လမြိုင် လမ်းကြောင်းတစ်လျှောက် ကုန်တွဲ ၅၁ တွဲမှ ပဲခူးဘူတာတွင် မသင်္ကာဖွယ် ၃၇ တွဲကို ဖော်ထုတ်နိုင်ခဲ့သည်။ မရမ်းချောင်စစ်ဆေးရေးဂိတ်၌လည်း အထောက်အထားမဲ့ မော်တော်ယာဉ်ရှစ်စီးကို တားဆီးနိုင်ခဲ့သည်။ ရထားတွဲ ၈၈ တွဲ၊ ရေယာဉ်တစ်စင်း၊ မော်တော်ယာဉ်ရှစ်စီးပေါ်မှ တရားမဝင် ပြောင်းစေ့အိတ် ၉၁၃၅၉ အိတ် ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၉ ဘီလီယံကျော်ကို ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။
ပြည်တွင်း၌ ကုန်ပမာဏများပြားသော တရားမဝင်ပို့ကုန်များကို သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းကောင်းများနှင့်ကြီးကြပ်သူများ၏ စေ့စပ်စွာဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုဂုဏ်ပြုရမည်ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက ဆုပေးဒဏ်ပေးစနစ်ဖြင့် ဝန်ထမ်းကောင်းများကို ထိုက်သင့်သည့်ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးသွားမည်ဟုသိရသည်။ တားမြစ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါကလည်း လာဘ်ပေးလာဘ်ယူ ပြုလုပ်သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် နိုင်ငံတော်၏ ပို့ကုန်/သွင်းကုန်များကို G to G ဖြင့် စနစ်တကျဆောင်ရွက်နေသော အထူးစီးပွားရေးဇုန်ကြီးဖြစ်သည်။ အချို့ကုမ္ပဏီများအနေဖြင့် ကုန်ပစ္စည်းများတင်သွင်းရာတွင် သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲသုံးစားပြုလုပ်ပြီး တင်သွင်းရန်ကြိုးပမ်းမှုများကို တားဆီးနိုင်ခဲ့သည်။
ယင်းကဲ့သို့ ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ဇူလိုင်လနှင့် ဩဂုတ်လ နှစ်လအတွင်း ဖော်ထုတ်ဆောင်ရွက်နိုင်မှုသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၏ အသိအမှတ်ပြုရမည့် ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုကို ယခင်နှစ်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်အပြင် ပို့ကုန်အပိုင်းများတွင်ပါ တရားမဝင်မှုများရှိနေသည်ကို ယခုဖြစ်စဉ်များက သတိပေးနိုင်သည်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုတွင် သွင်းကုန်များသာမက ပို့ကုန်များကိုပါ အထူးဂရုပြု အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် သွင်းကုန်များသာမက ပို့ကုန်များတွင်ပါ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ယခုထက် ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။