ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာပြီဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖက်စပ်လုပ်ငန်းထူထောင်ခြင်း ဆိုင်ရာဥပဒေကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက်တစ်နှစ် ၁၉၈၀ တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင်တည်ထောင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ကျင့်သုံးချိန်မှစ၍ နှစ်စဉ်ဆက်တိုက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ယခုအခါ စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ် တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပိုမိုပြည့်စုံကောင်းမွန်သည့် ဥပဒေအဖြစ် အသစ်ပြင်ဆင်ပြဋ္ဌာန်းကာ ၂၀၁၅ ခုနှစ်တွင် နည်းဥပဒေကိုပါ ပြဋ္ဌာန်းခဲ့သည်။ မိမိတို့နိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်စွာဖြင့် လုပ်ငန်းများလည်ပတ်လုပ်ကိုင်လျက်ရှိသည်။ ကျန်စီမံကိန်းနှစ်ခုဖြစ်သည့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကိုလည်း သီလဝါကဲ့သို့ပင် အောင်မြင်စွာလည်ပတ် လုပ်ကိုင်လာစေနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့သည် ရေနက်ဆိပ်ကမ်းစီမံကိန်းများပါဝင်ပြီး စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ စသည်တို့လည်း ပါဝင်သည်။ အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိလာမည်ဖြစ်သည်။ ထို့အပြင် ပြည်ပပို့ကုန်များတိုးတက်၍ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်ခြင်း၊ စက်မှုကဏ္ဍစီးပွားရေးနှင့် လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းစသော ရည်ရွယ်ချက်များကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်သည်။
“မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများနည်းပါးခဲ့ကြောင်း၊ အထူးစီးပွားရေးဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် စီမံကိန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး(၇/၂၀၂၃)တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
အထူးစီးပွားရေးဇုန်များ အောင်အောင်မြင်မြင် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားသည့် အထောက်အကူတစ်ရပ်ဖြစ် သည့်အလျောက်စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ပေါ် ဖြစ်မြောက်လာရေး အစွမ်းကုန်အားထုတ်ကြိုးပမ်းကြရပါမည့် အကြောင်း။ ။