ပြီးခဲ့သည့်ရက်သတ္တပတ်က အစ္စရေးနိုင်ငံ၏ အားလပ်ရက်တစ်ရက်တွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဟားမားစ်တို့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀၀ ကျော်သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုသို့တိုက်ခိုက်ပြီး နှစ်နာရီအကြာတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦးထက်မနည်းသေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အစ္စရေး-ပါလက်စတိုင်းတို့၏ သမိုင်းကြောင်းနှင့်ချီသည့် အပြန်အလှန်တိုက်ခိုက်မှုများသည် မတူကွဲပြားသောလူမျိုးနှစ်ခုအကြား အမုန်းတရားများကြီးမား မှု၏ရလဒ်များကို နှစ်ဖက်ပြည်သူများ အသက်သေဆုံး၊ ဒဏ်ရာရမှုများက သက်သေပြလျက်ရှိပြီး ရှည်လျားသော မငြိမ်းချမ်းသည့် ပဋိပက္ခကာလများအတွင်း ပြည်သူများ၏ ဘဝများစွာပေးဆပ်ခဲ့ရသည်။ အလားတူ ရုရှား-ယူကရိန်း ရှည်ကြာလာသည့် ပဋိပက္ခကြောင့် နှစ်ဖက်ပြည်သူသောင်းသိန်းချီ၍ ထိခိုက်သေဆုံးခဲ့ရပြီးဖြစ်သည်။ အမုန်းတရားကိုအခြေခံသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ရလဒ်များမှာ ဝမ်းနည်းကြေကွဲစရာဖြစ်သည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီး ပြည်သူပေါင်း နှစ်သိန်းခွဲကျော်အသက်သေဆုံးခဲ့ရသည့် တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံပြည်တွင်းစစ်ကို လေးနှစ်ကျော်ကြာဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးရယူခဲ့သည်။ နှစ်ဖက်သဘောတူငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကိုလံဘီယာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် မည်သို့ပင်ရန်လိုမုန်းဖက်သော်လည်း ငြိမ်းချမ်းလိုသည့် စိတ်ရင်းအမှန်ဖြင့် ညှိနှိုင်းဖြေရှင်းကြပါလျှင် ငြိမ်းချမ်း ရေးသည် မလွဲဧကန်ရရှိမည်မှာ အမှန်ဖြစ်သည်။
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အနည်းနှင့်အများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာ ဝပြောရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံအဖွဲ့အစည်းများက ကြိုးပမ်းနေကြသော်လည်း ဘက်လိုက်မှု၊ တရားမျှတမှုမရှိမှု၊ မရိုးသားမှုများကြောင့် ပြဿနာအဖြေရှာနိုင်ရေးမှာ အလှမ်းမနီးဘဲ ပိုလို့ပင်ကြီးထွားလာနေသည်ဟုပင် ထင်မြင်ရဖွယ်ရှိသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်တွင်းအားဖြင့်ပင် အဖြေရှာ၍ ကာယကံရှင်များကိုယ်တိုင် အားလုံးငြိမ်းချမ်းကြပါစေဆိုသည့် စိတ်ကောင်းစေတနာဖြင့် ငြိမ်းချမ်းရေးခရီးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အကျိုးဆက်များအဖြစ် တိုင်းရင်းသားပြည်သူများ၏ ဘဝများ၊ အသက်များ များစွာပေးဆပ်ခဲ့ရပြီးဖြစ်သည်။ ထိုဒေသများမှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်အလှမ်းဝေးပြီး အဘက်ဘက်တွင် တိုးတက်မှုနှေးကွေးနိမ့်ကျနေသည့် အခြေအနေများကို ပြည်သူများပင် ခံစားနေကြရသည်။ ဤသို့မငြိမ်းချမ်းသောအခြေအနေများကို မည်သူမျှမလိုလား မနှစ်မြို့သဖြင့် အဆုံးမသတ်နိုင်သည့်အခြေအနေများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြ ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခဆိုးမွေကို အဆုံးသတ်ရန် ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ လေးနှစ်အကြာတွင် နိုင်ငံတကာအသိသက်သေများရှေ့မှောက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးသဖြင့် NCA လက်မှတ်ရေးထိုးပြီး ၁၀ ဖွဲ့ရှိလာသည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းသာမက ငြိမ်းချမ်းရေးအတွက် ပြီးပြည့်စုံသော ရည်မှန်းချက်များပါဝင်သည်။
ငြိမ်းချမ်းရေးသည် အများအကျိုးစီးပွားကို ရှေးရှုထားခြင်းဖြစ်ပြီး ကိုယ်ကျိုးစီးပွားနှင့် ယှဉ်လျှင် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေမည်သာဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မိမိတို့ခံစားချက်ထက် နိုင်ငံ၏ပကတိအခြေအနေ၊ ဘုံရည်မှန်းချက်နှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် စိတ်အခံဖြင့်သာ ချဉ်းကပ်နိုင်မည်ဖြစ်သည်။ ထိုစိတ်ဖြင့် နိုင်ငံများငြိမ်းချမ်းရေးရရှိလာကြသည်မှာ ဝမ်းမြောက်စရာဖြစ်သလို အတ္တအကျိုးစီးပွားမုန်းစိတ်များဖြင့် ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ အစွဲကင်းကင်း၊ အမြင်ရှင်းရှင်းဖြင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည့်ဆိုးမွေများကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ကောင်းသော အမွေပေးဝေမည်ဟူသည့် ခံယူချက်ဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကြရန်လိုအပ်မည် ဖြစ်သည်။
ငြိမ်းချမ်းရေးကို အလိုရှိလျှင် ငြိမ်းချမ်းရေးသည် အနီးလေးဖြစ်ပြီး ငြိမ်းချမ်းရေးကို အလိုမရှိလျှင် ငြိမ်းချမ်းရေးနှင့်ဝေးပြီး အဆိုးသံသရာတွင် ဝဲလည်နေမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခဆိုးမွေကို အဆုံးသတ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အားလုံးပါဝင်နိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။ ။