Skip to main content

အထူးစီးပွားရေးဇုန်များအောင်မြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်

ကမ္ဘာပေါ်တွင် ၂၀၂၂ ခုနှစ်စာရင်းများအရ နိုင်ငံ ၁၄၅ နိုင်ငံ၌ အထူးစီးပွားရေးဇုန် ၇၀၀၀ ခန့်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း သန်း ၁၀၀ ကျော်ခန့် ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ အထူးစီးပွားရေးဇုန်များသည် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် အထောက်အကူပေးနိုင်သကဲ့သို့ စက်မှုဆိုင်ရာ မူဝါဒများအတွက် ဖြစ်ပေါ်တိုးတက်မှုအသစ်များ ရရှိနိုင်သည့်အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပိုမိုပြည့်စုံကောင်းမွန်သည့် ဥပဒေဖြစ်စေရန် ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ လက်ရှိတွင် နိုင်ငံတော်၌ အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျောက်ဖြူနှင့်ထားဝယ် အထူးစီးပွားရေးဇုန်နှစ်ခုကို နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များကို ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာစေရန် ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက် (Global Value Chain) ကို အထောက်အကူပြုစေခြင်း၊ စက်မှုထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်းများကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများကို အောင်မြင်အောင် အလေးထားဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ဒေသတွင်းနိုင်ငံများအကြား အခြေအနေကောင်းများစွာဖြင့် ရပ်တည်လျက်ရှိသည့်ဇုန်ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ပို့ကုန်လုပ်ငန်းများနှင့် ပြည်တွင်းသွင်းကုန်အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ကျော်ဖြင့် လည်ပတ်လျက်ရှိသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံးအသားတင် ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ တစ်ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပို့ကုန်ပမာဏ သုံးရာခိုင်နှုန်းရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ လေးလတာကာလအတွင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏအပေါ် မူတည်၍ အခွန်အရပ်ရပ်ကောက်ခံရငွေ မြန်မာငွေကျပ် ၂၂ ဘီလီယံရှိသည်။ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းရှိ အချို့ကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် စတင်နိုင်ခြင်းမရှိသဖြင့် စီမံခန့်ခွဲမှုကော်မတီ၏ စည်းရုံးကြိုးပမ်းမှုကြောင့် လုပ်ငန်းများစတင်နေပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေနိုင်သည့် လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်လုပ်ငန်းများကို ပိုမိုခေတ်မီပြီး တီထွင်ဆန်းသစ်သည့် စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်နေသဖြင့် MSME လုပ်ငန်းများကို အထောက်အကူပြုသည့် အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်တွင် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရေးအချက်ကို ချမှတ်ထားသည်။ ထိုရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးစီးပွားရေးဇုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးရန်လိုအပ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေး မောင်းနှင်အား ကောင်းမွန်လာစေရန်အတွက် အထူးစီးပွားရေးဇုန်များသည် အထူးအရေးပါသဖြင့် တိုးတက်အောင်မြင်မှုများရရှိလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။