Skip to main content

ရေသည်အသက်၊ ရေသည်ရိက္ခာ

နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဖြစ်သည်။   ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations- FAO) က ကမကထပြု၍ နိုင်ငံအသီးသီးမှ အစိုးရများ၊ ရုံးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပခြင်းဖြစ်ရာ   ယင်းနေ့သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော FAO ၏ မွေးနေ့လည်း ဖြစ်သည်။

ယခုနှစ်တွင် ကမ္ဘာတစ်ခွင်၌ အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်လျက်ရှိပြီး ရာသီဥတုအပြောင်းအလဲကြောင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်ရေးတို့အပေါ်တွင် နိုင်ငံအသီးသီးတို့၌  စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်။ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် လူသားတို့ အသက်ရှင်သန်ရေးနှင့် အစားအစာထုတ်လုပ်ရေးတို့တွင် မပါမဖြစ်  အဖိုးတန်အရင်းအမြစ် ဖြစ်သည်။ ရေနှင့်စပ်လျဉ်း၍ နိုင်ငံအသီးသီးတွင် အလေးဂရုပြု လာစေရန်အတွက် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်ကို “Water is life, Water is food. Leave no one behind. ရေသည်အသက်၊ ရေသည်ရိက္ခာ၊ တစ်ဦးတစ်ယောက်မချန် ရရှိစေရာ ဟူ၍ သတ်မှတ်ထားပြီး အသိပညာပေး လှုံ့ဆော်သွားမည်ဖြစ်သည်။

လူသားတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးကို ရေကမ္ဘာဟု ဆိုရလောက်အောင် ကမ္ဘာ့မျက်နှာပြင်၏  အများစုကို ရေထုဖြင့် ဖုံးလွှမ်းထားခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ ၅၀ ရာခိုင်နှုန်းကျော်သည် အာပေါဓာတ်ခေါ် ရေဓာတ်ဖြင့်ဖွဲ့စည်းထားသကဲ့သို့ စားရေးအတွက်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းရာတွင်ဖြစ်စေရေနှင့် ကင်းသည်ဟူ၍မရှိ။ သို့ရာတွင် ဤမျှအရေးကြီးပြီး အဖိုးတန်သယံဇာတဖြစ်သည့် ရေကို လူသားတို့ အလေးအနက်ထားခြင်း မရှိဘဲ လွယ်လွယ်ကူကူသုံးစွဲ၍ လွယ်လွယ်ကူကူပင် စွန့်ပစ်နေကြသည်။ စင်စစ်အားဖြင့် ကမ္ဘာပေါ်ရှိ လူအားလုံးအနက် လူဦးရေ သန်းပေါင်း ၂၄၀၀ တို့မှာ ရေအတွက် ရတက်ပွေရသောနိုင်ငံများတွင် နေနေကြရခြင်းဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့လူဦးရေ ၁၀၀ လျှင် ၁၀ ယောက်နှုန်း ဖြစ်သည်။

မိမိတို့စားနေကြရသည့် အစားအစာများ၏ ၉၅ ရာခိုင်နှုန်းသည် မြေဆီလွှာနှင့်ရေကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိသည်။ ကမ္ဘာ့ရေချိုပမာဏ၏ ၇၂ ရာခိုင်နှုန်းကို စိုက်ပျိုးရေးတွင် သုံးစွဲမှုမှ လျှော့ချနေရပြီး စက်မှုကုန်ထုတ်လုပ်ငန်းများက ၁၆ ရာခိုင်နှုန်းနှင့် မြို့ပြစည်ပင်လုပ်ငန်းများက ၁၂ ရာခိုင်နှုန်းကို သုံးစွဲနေကြသည်။ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ခွင် စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်က ယခုထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာဦးမည်ဟု ခန့်မှန်းထားကြသည်။  သို့သော် ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများကမူ နှစ်စဉ်အစားအစာတန်ချိန် တစ်ဘီလီယံ၏ ၁၇ ရာခိုင်နှုန်းကို သွန်ပစ်ဖြုန်းတီးနေကြရာ ၎င်းအစားအစာများ ထုတ်လုပ်စဉ်က သုံးစွဲခဲ့ရသည့် ရေအပါအဝင် အရင်းအမြစ်များစွာတို့ကို အလဟဿပြုနေကြခြင်းပင်ဖြစ်သည်။ ထို့ပြင် လူတို့သုံးစွဲပြီး စွန့်ပစ်လိုက်သည့် ရေဆိုးများ၏ ၈၀ ရာခိုင်နှုန်းကို ပြန်လည်သန့်စင်ခြင်းမပြုဘဲ ထုတ်လွှတ်ခြင်းဖြင့်လည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြန်သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလ ကမ္ဘာတစ်ဝန်းတွင် ရေကြီးရေလျှံခြင်း ၁၃၄ ရာခိုင်နှုန်းနှင့် မိုးခေါင်ခြောက်သွေ့မှု ၂၉ ရာခိုင်နှုန်းအထိ အကြိမ်ရေအားဖြင့်ရော ကြာမြင့်ချိန်ကာလအရပါ ပိုမိုများပြားလာသည်။ ခရစ်နှစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ၏ ၇၄ ရာခိုင်နှုန်းသည် ရေဘေးနှင့် မိုးခေါင်ခြောက်သွေ့ခြင်းတို့ဖြစ်ရာ ရေနှင့်ပတ်သက်သော အဆိုပါ သဘာဝဘေးများကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ အထိ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ကမ္ဘာတစ်ခွင်ရှိ ရေနှင့်ပတ်သက်သော ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာ၊  ဂေဟစနစ်များတည်ရှိရာ ရေဝပ်ဒေသများသည်လည်း သဘာဝသစ်တောများထက် သုံးဆပို၍ လျင်လျင်မြန်မြန် ပျောက်ကွယ်ဆုံးရှုံးလျက်ရှိရာ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀ ကနှင့် နှိုင်းယှဉ်လျှင် ၈၅ ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လူနှင့်တကွ သက်ရှိဇီဝတို့ရှင်သန်ရာ ရေကမ္ဘာကြီးတွင် ရေသည်အသက်၊ ရေသည်ရိက္ခာဖြစ်သည်ကို လူတိုင်းသိရှိနားလည်ခြင်းဖြင့် အကန့်အသတ်ဖြင့်သာရှိနေသော အဖိုးတန်အရင်းအမြစ်ရေကို တန်ဖိုးထားနိုင်ကြပါစေကြောင်း။        ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်