Skip to main content

တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်

ကမ္ဘာ့မြေပုံတွင် ကြည့်ပါက မြန်မာနိုင်ငံကို အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေးတစ်နိုင်ငံအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံအဖြစ်တည်ရှိနေခြင်းဖြစ်သည့်အတွက် ပိုင်နက်နယ်နိမိတ်၊ လူဦးရေ၊ အစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်းဟူသော နိုင်ငံတစ်နိုင်ငံတွင် ရှိရမည့် ဥပဓိရုပ်လေးပါးနှင့် ပြည့်စုံပါ၏။ သို့သော် နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝသို့ နှစ်ပေါင်း ၁၀၀ကျော် ကျရောက်ခဲ့ရာမှ ရရှိခဲ့သည့် ကျွန်ဘဝ၏ ဒဏ်ရာဒဏ်ချက်များက နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်လာသည့်တိုင် ကုစား၍ မရနိုင်သေး။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများစွာကဲ့သို့ပင် လူမျိုးတစ်မျိုးတည်းနေထိုင်ခြင်းမဟုတ်ဘဲ လူမျိုးအများအပြား စုပေါင်းနေထိုင်ကြသည့်နိုင်ငံဖြစ်သည်။ နယ်ချဲ့လက်အောက်မရောက်မီက ပဒေသရာဇ်ခေတ်တွင် ထိုခေတ် ထိုစနစ်အတိုင်း ပြည်ထောင်စုပုံစံဖွဲ့စည်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး  စည်းလုံးညီညွတ်ခဲ့ကြသည့်အလျောက် ဒေသတွင်း ဩဇာအာဏာဖြန့်ကြက်ထားနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ အနောက်ဥရောပမှ နယ်ချဲ့များ အာရှ၊ အာဖရိက နိုင်ငံများသို့ ကျူးကျော်ဝင်ရောက်နယ်ချဲ့ကြသည့်ခေတ်တွင် မြန်မာနိုင်ငံသည်လည်း နယ်ချဲ့ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ နယ်ချဲ့နိုင်ငံတိုင်းသည် ၎င်းတို့ ကျူးကျော်သိမ်းပိုက်သည့် လက်အောက်ခံနိုင်ငံတိုင်းကို အလွယ်တကူ အုပ်ချုပ်နိုင်ရေး၊ ၎င်းတို့အား ပြန်လည်မတွန်းလှန်နိုင်ရေး၊ ၎င်းတို့၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းရေး၊ အချိန်ကာလကြာရှည်စွာ အုပ်စိုးထားနိုင်ရေးစသည့် ရည်ရွယ်ချက်များစွာဖြင့် သွေးခွဲအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့ကြသည်။

သွေးခွဲအုပ်ချုပ်သည်ဟုဆိုရာတွင် လူဦးရေအနည်းအများကိုလိုက်၍လည်းကောင်း၊ လူမျိုးကွဲပြားမှုကိုလိုက်၍လည်းကောင်း၊ ဒေသကွဲပြားမှုကိုလိုက်၍လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာ မတူညီမှုကိုလိုက်၍လည်းကောင်း ခွဲခြားခြင်း၊ ပိုင်းခြားခြင်း၊ ချန်လှပ်ခြင်း၊  မတူညီသည့် အခွင့်အရေးများပေးခြင်းစသည့် နည်းလမ်းများအပြင် အတူနေတိုင်းရင်းသားအချင်းချင်းကြားတွင် အမုန်းတရား၊ သံသယ၊ ပဋိပက္ခ၊ ရန်ငြိုးရန်စတို့ ဖြစ်ပေါ်လာနိုင်စေသည့် အခြားနည်းလမ်းများကို ပညာသားပါပါ၊ ပရိယာယ်ကြွယ်ဝစွာ ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု လဲပြိုကြပြီး နိုင်ငံအများအပြားကို လွတ်လပ်ရေးမဖြစ်မနေပေးရသည့်အခါတွင် ၎င်းတို့ ဖန်တီးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုအရပင် နယ်မြေများခွဲခြား၍ လွတ်လပ်ရေးကို ပိုင်းခြားပေးခဲ့သည့်အပြင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားခြားနားမှုမှတစ်ဆင့် ပဋိပက္ခဖြစ်စေမည့် သွေးထိုးလှုံ့ဆော်မှုကိုပါ နယ်ချဲ့တို့၏ အုပ်ချုပ်ရေးယန္တရားများမှတစ်ဆင့် ပြုလုပ်ခဲ့ကြသည်။

လွတ်လပ်ပြီးစနိုင်ငံများတွင် နိုင်ငံရေးပျိုးထောင်မှု၊ နိုင်ငံတည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အသိပညာ၊ အတွေ့အကြုံများစသည်တို့ မရှိကြသည့်အလျောက် မတူညီသည့် လူမျိုးစုများကြားတွင် ပဋိပက္ခများ ဖြစ်‌ပေါ်လာခြင်း၊ နယ်မြေဒေသအလိုက်၊ လူမျိုးစုအလိုက် ခွဲထွက်ခွင့်နှင့် လွတ်လပ်ရေး တောင်းဆိုခြင်းစသည်တို့ ဖြစ်ပေါ်လာသည်။ ကိုလိုနီစနစ်အရ သွေးခွဲထားခြင်းခံရသည့် လူမျိုးရေး၊ ဘာသာရေးစသည့် အုပ်စုကွဲများကြားတွင် မိမိတို့၏ ဝိသေသလက္ခဏာများ (Identity) ကို အပြိုင်အဆိုင်မြှင့်တင်ကြရာမှ တစ်ခုတည်းသော နိုင်ငံသားစိတ်ဓာတ်(Common Sense of Citizenship) တည်ဆောက်ရန် ခက်ခဲလာပြီး နိုင်ငံကျရှုံးလဲပြိုသည့်အဆင့်ထိ ရောက်သွားနိုင်သည့် သာဓကများ မျက်မှောက်ကမ္ဘာ့နိုင်ငံများတွင် ရှိနေသည်။

ကမ္ဘာ့သမိုင်းကို သင်ခန်းစာယူခြင်းအားဖြင့် မိမိတို့နိုင်ငံသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထာဝစဉ်ဦးထိပ်ထားရန် လိုအပ်ကြောင်းနှင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးတွင် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ပြည်သူလူထုအားလုံး၏ဘဝသာယာဝပြောရေးကို အလေးအနက်ထားပြီး တော်လှန်ပြုပြင်ပြောင်းလဲလိုသည့်နည်းလမ်းကိုစွန့်လွှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြုပြင်သွားမည့်နည်းလမ်းဖြင့်သာ တစ်စိတ်တည်းတစ်ဝမ်းတည်း ချစ်ကြည်စည်းလုံးညီညွတ်စွာ လျှောက်လှမ်းကြရပါမည့်အကြောင်း။ ။