Skip to main content

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းရှိဒေသအချို့တွင် ရေကြီးရေလျှံမှုများကြောင့် မြို့ရွာများအတွင်း ရေဝင်ရောက်မှုများ၊ ကားလမ်း၊ ရထားလမ်း စသည့်လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကျရေတိုက်စားမှု၊ မြေပြိုမှု စသည်တို့ဖြစ်ပွားခဲ့ရာ နေအိမ်များပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များတွင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦး ရေစီးနောက်မျောပါပျောက်ဆုံးခဲ့ပြီး တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦးမှာ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် မြေမျက်နှာပြင်အနေအထားအရ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဟူသည် ရှောင်လွှဲ၍မရသော ဖြစ်စဉ်ဖြစ်၍ ကမ္ဘာအရပ်ရပ်တွင် တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်လျက်ရှိပြီး သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပယောဂကြောင့် မတော်တဆဖြစ်စေ၊ ပေါ့ဆ၍ဖြစ်စေ ဖြစ်ပေါ်တတ်သည်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း၍ ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ပိုးမွှားနှင့်အပင်ရောဂါများကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်း၊ အငတ်ဘေးဆိုက်ခြင်း၊ ကပ်ရောဂါများ ကျရောက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှုများ ဖြစ်ပွားခြင်း၊ စက်မှုဆိုင်ရာ မတော်တဆမှုများကြောင့် ကပ်သင့်ခြင်း စသည်ဖြင့် သဘာဝဘေးအန္တရာယ်များစွာတို့မှာ ကမ္ဘာအနှံ့တွင် ကျရောက်လျက်ရှိသည်။ သို့ရာတွင် သဘာဝဘေးအန္တရာယ် ခံစားရမှုချင်းတူလျှင်ပင် စက်မှုဖွံ့ဖြိုးသည့်နိုင်ငံ၊ ချမ်းသာသည့်နိုင်ငံများမှာ ခံနိုင်ရည်ရှိကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဆင်းရဲသည့်နိုင်ငံများမှာ ခံနိုင်ရည်မရှိကြ။

ကုလသမဂ္ဂ၏ လေ့လာချက်အရ ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရသူ စုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်ဟုဆိုသည်။ လက်ရှိရာသီဥတုအခြေအနေနှင့် ခန့်မှန်းချက်များအရ ၂၀၃၀ ပြည့်နှစ်ထက် နောက်မကျဘဲ ကမ္ဘာပေါ်တွင် နှစ်စဉ်သဘာဝဘေးအန္တရာယ် ၅၆၀ ခန့်နှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ကာဗွန်ထုတ်လွှတ်မှုပေါ်တွင် အကြောင်းရင်းခံလျက်ရှိရာ ကာဗွန်လျှော့ချရေးအတွက် လူသား တို့အနေဖြင့် ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပိုမိုပြင်းထန်ပြီး၊ အကြိမ်ရေပိုမိုများပြား မည်ဖြစ်သော သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြင်ဆင်ကြရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေတွင် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ အများဆုံးဖြစ်သည့် ကလေးသူငယ်များ၊ မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သားသည်မိခင်များကို ဦးစားပေး ကူညီစောင့်ရှောက်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျှော့ချရေးနေ့၏ ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” “Fighting Inequality for A Resilient Future” ဟူ၍ သတ်မှတ်ထားပြီး ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကြောင့် ဘေးအန္တရာယ်ပိုမိုခံစားနေရမှုတို့ကို တိုက်ဖျက်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များသည် မိမိတို့နိုင်ငံတွင် နှစ်စဉ်ကျရောက်လျက်ရှိပြီး နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးအပြင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အဘက်ဘက်မှ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေရှည်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေများကို ဘက်ပေါင်းစုံမှ လျှော့ချရေးနှင့် ကျေးလက်နေဆင်းရဲနွမ်းပါးသူများ သဘာဝဘေးအန္တရာယ်ခံနိုင်မှုမြှင့်တင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။