ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်အားပေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာရေးအတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) လုပ်ငန်းများကို မြှင့်တင်အားပေးလျက်ရှိသည့်နည်းတူ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း တိုးတက်အောင်မြင်လာအောင် ဆောင်ရွက်စေရန် တွန်းအားပေးလျက်ရှိသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်၍ ရည်မှန်းချက်အတိုင်း တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
အစောပိုင်းခေတ်ကာလများက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကိုသာ အဓိကမှီခိုအားထား ဆောင်ရွက်ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသောအခါ ဝန်ကြီးဌာနအချို့ရှိ စီးပွားရေးလုပ်ငန်းများမှာ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိသဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု၊နည်းပညာပိုင်းဆိုင်ရာနှင့် လူသားအရင်းအမြစ် လိုအပ်ချက်ကြောင့်လည်းကောင်း အချို့ဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်များပေးခြင်းနှင့် ဖက်စပ်လုပ်ကိုင်ခြင်းများရှိခဲ့သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့်လုပ်ငန်းများကို ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အလားတူဝန်ကြီးဌာနများ၌ လည်ပတ်နိုင်မှုမရှိဘဲ ရပ်တန့်နေသော လုပ်ငန်းကဏ္ဍများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာများရယူထားပြီး လုပ်ငန်းများဆောင်ရွက် နိုင်ခြင်းမရှိသည့် လုပ်ငန်းများလည်းရှိခဲ့သည်။ ယင်းတို့နှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်နိုင်မည့်၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက နိုင်ငံ၏အကျိုးစီးပွားကိုရှေးရှု၍ မဖြစ်မနေကြိုးပမ်း လုပ်ဆောင်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံပိုင်စက်ရုံများ ရပ်ဆိုင်းထားရခြင်းကြောင့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ရင်းနှီးမြှုပ်နှံထားသည့် စက်ကိရိယာပစ္စည်းများ ပျက်စီးယိုယွင်းနိုင်သည့်အပြင် ဝန်ဆောင်မှုနှင့်လုပ်ခ လစာငွေများ အပိုကုန်ကျမှုဖြစ်ပေါ်စေသည်။ သာဓကအားဖြင့် မြန်မာနိုင်ငံတွင် အစဉ်အဆက်ရှိခဲ့သည့် ရေနံချက်စက်ရုံကဲ့သို့သော စက်မှု၊ ဓာတုဗေဒစီမံကိန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် စက်ရုံတွင် အသုံးပြုထားရသည့် အစိတ်အပိုင်းများ ပျက်စီးသွားနိုင်သဖြင့် ပြန်လည်လည်ပတ်နိုင်အောင် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ စွမ်းအင်လိုအပ်ချက်မြင့်မားလျက်ရှိပြီး နိုင်ငံတကာရှိ ရေနံချက်စက်ရုံများသည် ကုန်ကြမ်းပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်အထိ ကုန်ချောထုတ်လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရေနံကို စီးပွားဖြစ်အမြောက်အမြား မထုတ်လုပ်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိထုတ်လုပ် နိုင်သည်။ လက်ရှိနိုင်ငံပိုင် ရေနံချက်စက်ရုံများ၏ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ သုံးရာခိုင်နှုန်းသာ ထုတ်လုပ်ပေးနိုင်သည့်အတွက် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုဖူလုံစေရန် ပြည်ပမှ နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံပြီး တင်သွင်းနေရသည်။ ထို့ကြောင့် ပြည်ပသွင်းကုန်များ လျှော့ချနိုင်အောင် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
ပြည်တွင်းစွမ်းအင်သုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြိုးပမ်းရှာဖွေတူးဖော်ထုတ်လုပ်ရန်လိုအပ်သကဲ့သို့ ထုတ်လုပ်ရရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို စီးပွားရေးအရ တွက်ခြေကိုက်စေရန်နှင့် အကျိုးရှိထိရောက်စွာအသုံးချနိုင်စေရန် စနစ်တကျတွက်ချက်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ရေနံစိမ်းများချက်လုပ်ရေးအတွက် စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ အဆင့်မြှင့်တင်မွမ်းမံရေးအတွက် လိုအပ်သည့်နည်းပညာနှင့် အရင်းအနှီးများရရှိရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်မည်ဟု သိရသည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးအတွက် ရပ်နားထားသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ လည်ပတ်နေသော စက်ရုံ၊ အလုပ်ရုံများ အဆင့်မီမီစွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဆောင်ရွက်ပေးမှုများကို စနစ်တကျ ထိရောက်စွာအသုံးချ၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။