ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ တစ်နှစ်တွင် အကြိမ် ၄၀၀ ခန့်ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ရှိပါက တစ်နှစ်တွင် အကြိမ် ၅၆၀ ခန့်အထိ တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးကြီးများ တစ်နှစ်ထက်တစ်နှစ် တိုး၍ကျရောက်လာနိုင်ကြောင်းကို အဆိုပါအစီရင်ခံစာက အရေးပေါ်သတိပေး မီးမောင်းထိုးဖော်ပြလိုက်ခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပေါ်လာနိုင်ရာ၌ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့်ဘေးများ ပိုမိုဖြစ်ပွားလာနိုင်သည်ကို အထူးသတိပေးထားသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အယ်လ်နီညိုဖြစ်စဉ်များ နှစ်စဉ်ပေါ်ပေါက်လာပြီး ရေနှင့်ဆက်နွှယ်နေသည့် ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားစေနိုင်သည်။ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ မုန်တိုင်းကြီးများတိုက်ခတ်ခြင်း၊ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုဖြစ်စဉ်များပေါ်ပေါက်လာခြင်းနှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ပုံမှန်ထက်ပိုမိုသည့် ရေကြီးရေလျှံအန္တရာယ်များဖြစ်လာနိုင်သည်။
ကမ္ဘာတစ်ဝန်း သဘာဝဘေးဖြစ်ပွားမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဥရောပနိုင်ငံများ၌ ပြင်းထန်သည့်အပူလှိုင်းကျရောက်မှုကြောင့် လူပေါင်း ၁၆၀၀၀ ကျော်သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်း မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည်တို့ကြောင့် လူပေါင်းထောင်ချီ၍ သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခဲ့သဖြင့် လူငါးသောင်းကျော်သေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့သည်။ မကြာသေးမီက အာဖဂန်နစ္စတန်တွင် ငလျင်လှုပ်မှုကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့သည်။ အလားတူ တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းဖြစ်ပေါ်မှုကြောင့် လူအမြောက်အမြားနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က အင်အားအလွန်ပြင်းထန်သော နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ပြီး လူသန်းနှင့်ချီ၍ မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရသည်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ဆယ်စုနှစ်ချီ၍ ပြန်လည်ကုစားခဲ့ရသည်။ အလားတူ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ သို့သော် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့် ထိခိုက်ပျက်စီးမှုများသော်လည်း လူ့အသက်သေဆုံးမှုများ သိသာစွာ လျော့နည်းခဲ့သည်။
မိုခါမုန်တိုင်းအစပျိုးစဉ်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စောင့်ကြည့်လေ့လာလမ်းညွှန်မှုများပေးခဲ့ပြီး မုန်တိုင်းဝင်ရောက်သည့်အခါတွင်လည်း တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်လိုက်ဆောင်ရွက်နိုင်ခဲ့၍ နာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုနှင့်ဆုံးရှုံးမှု အဆပေါင်းများစွာ လျှော့ချနိုင်ခဲ့သည်။ တုံ့ပြန်ကူညီရေးဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အကူအညီမရသူမရှိစေရ မူဝါဒနှင့်အညီ တက်ညီလက်ညီ ဆောင်ရွက်မှုများကြောင့် အချိန်တိုကာလအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သဘာဝဘေးအန္တရာယ်သည် သတ္တလောက၏ ဖြစ်ပျက်အရှိတရားဖြစ်သည်။ နိုင်ငံကြီးငယ်မရွေး၊ လူတန်းစားမရွေး၊ အယုတ်အလတ်မရွေး အားလုံးကြုံတွေ့နိုင်သော သဘောတရားဖြစ်သည်။ နိုင်ငံကြီးများတွင် သဘာဝဘေးကို ကြီးမားပြင်းထန်စွာကြုံတွေ့သော်လည်း ထိခိုက်သေဆုံးမှုကို အနည်းဆုံးသို့လျှော့ချနိုင်ပြီး ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးဆောင်ရွက်နိုင်သည်မှာ ချမ်းသာကြွယ်ဝမှုနှင့် ကြိုတင်ပြင်ဆင် စနစ်တကျဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ဖွံ့ဖြိုးမှုအားနည်းသည့်နိုင်ငံ၊ ဆင်းရဲမှုနှုန်းများသည့်နိုင်ငံ၊ ဘေးအန္တရာယ်ကျရောက်နိုင်ခြေ များသည့်နိုင်ငံများတွင် အားနည်းသူပြည်သူများ ထိခိုက်ခံစားရမှု ပိုမိုများပြားသည်။ ဆင်းရဲမှုကြောင့် ဆင်းရဲတွင်းသို့ ပိုမိုကျရောက်နိုင်ခြေများခဲ့သည်။
သို့ဖြစ်ရာ အနာဂတ်တွင် သဘာဝဘေးနှင့်အတူယှဉ်တွဲ ရပ်တည်နေထိုင်ရမည့် အခြေအနေများပြောင်းလဲဖြစ်ပေါ်လာပြီး သဘာဝဘေးအန္တရာယ်ကို နိုင်ငံများအားလုံး ပိုမိုကြုံတွေ့လာကြရတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ချမ်းသာကြွယ်ဝသည့်နိုင်ငံမဟုတ်သော်လည်း ပြည်တွင်းအင်အားစွမ်းပကားများ၊ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုသူများ၏ ကြိုတင်ပြင်ဆင်စနစ်တကျမြော်မြင်ဆောင်ရွက်မှုများဖြင့် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်ပြီး ထိခိုက်နိုင်ခြေများကို အနည်းဆုံးသို့ လျှော့ချနိုင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ထားပါကြောင်း။ ။