မျက်မှောက်ကာလတွင် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေ တစ်နေ့တခြားတိုးပွားလာမှု၊ မော်တော်ယာဉ်နှင့်စက်တပ်ယာဉ်များ များပြားလာမှုတို့ကြောင့် ယာဉ်အန္တရာယ်ဖြစ်မှုများပြားလာသည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် မော်တော်ယာဉ် အထူထပ်ဆုံးမြို့ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၆၄ မှု၊ ဒဏ်ရာရရှိမှု ၆၅၇ မှု၊ သေဆုံးသူ ၃၁၉ ဦးရှိကြောင်းသိရသည်။
အဆိုပါယာဉ်အန္တရာယ်ဖြစ်စဉ်ကို လေ့လာကြည့်လျှင် မော်တော်ယာဉ်အချင်းချင်း တိုက်မိမှုထက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသောကြောင့် လမ်းမများပေါ်တွင် ယာဉ်တိုက်ခံရသဖြင့် သေဆုံးသူနှင့်ထိခိုက် ဒဏ်ရာရရှိသူ ပိုမိုများနေသည်ကို တွေ့ရသည်။ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအပိုင်းတွင် အားနည်းခြင်း၊ ယာဉ်မောင်းနေစဉ် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်အလေးထား သတိမမူခြင်းနှင့် ပြည်သူများအနေဖြင့် လမ်းစည်းကမ်းများကို အလေးထားဂရုစိုက် လိုက်နာမှု အားနည်းခြင်းတို့ကြောင့် အန္တရာယ်များဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းဝေးရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိကျွမ်းကျင်သော ယာဉ်မောင်းများကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရေး၊ စည်းကမ်းဖောက်ဖျက်သော ယာဉ်မောင်းများနှင့် လမ်းအသုံးပြုသူများကို အမြဲမပြတ် စစ်ဆေးအရေးယူရေး၊ ယာဉ်တိုက်မှုကျူးလွန်သည့် အပြစ်ရှိသူများကို တရားဥပဒေအရ ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ရေး စသည်တို့ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး သက်ဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းများက စဉ်ဆက်မပြတ် အလေးထားအကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။
သို့သော် ယာဉ်တိုက်မှုများမှာ နှစ်စဉ်တိုးတက်မြင့်မား ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်မောင်းများ၏ ကျွမ်းကျင်မှု၊ ယာဉ်များ၏ကြံ့ခိုင်မှု၊ တာဝန်ရှိသူများ၏ ကြိုတင်စစ်ဆေးအရေးယူဆောင်ရွက်မှု၊ လမ်းများပတ်ဝန်းကျင်အနေအထား၊ လမ်းများတည်ဆောက်ပုံ အနေအထား၊ လမ်းညွှန်များ၊ အမှတ်အသားများနှင့် မော်တော်ယာဉ်များသွားလာမှု၊ လမ်းအသုံးပြုသူများ သွားလာမှုအချက်ပြစနစ်များကို ပြည့်စုံမှန်ကန်စွာတပ်ဆင်ထားမှုတို့သည် မဖြစ်ခင်က ကြိုတင်ကာကွယ်ရာရောက်သည့်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက စနစ်တကျ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ထားရန် လိုအပ်သည်။
ယာဉ်များနှင့်ယာဉ်မောင်းများလိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းအသုံးပြုသူများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြပါက ယာဉ်တိုက်မှုများ၊ ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ အမှန်တကယ် လျော့ကျအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီများဖွဲ့စည်းထားပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်သည်။
ယခုအခါ လမ်းများပေါ်တွင် တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်၊ စက်တပ်ယာဉ်များသာမက တရားမဝင်အနှေးယာဉ်၊ စက်တပ်ယာဉ်အမျိုးမျိုး ပေါများလာခြင်းသည် ယာဉ်အန္တရာယ်ဖြစ်ပွားမှု ပိုမိုဖြစ်ပေါ်လာနိုင်သည်။ အဓိကမှာ ရှုပ်ထွေးများပြားလာသော ယာဉ်အမျိုးမျိုးတို့သည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ ဥပမာအားဖြင့် မော်တော်ယာဉ်များအနေဖြင့် မြို့တွင်း၌ သတ်မှတ်လမ်းကြောင်း၊ သတ်မှတ်အရှိန်နှုန်းထားများအတိုင်း မောင်းနှင်မှုမရှိခြင်း၊ ယာဉ်များသတ်မှတ်ထားသည့်အတိုင်း ရပ်နားမှုမရှိခြင်းတို့သည် ယာဉ်အန္တရာယ်ကိုဖြစ်စေသည်။
လမ်းအသုံးပြုသူများအနေဖြင့် သတ်မှတ်ထားသော လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးခြင်း၊ မီးပွိုင့်များ၊ လမ်းများပေါ်၌ လူကူးရန်သတ်မှတ်ထားသည့် အချက်ပြစနစ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ လူကူးခုံးကျော်တံတား၊ လူကူးမြေအောက်လမ်းတို့မှ လမ်းဖြတ်ကူးခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ရန် အားနည်းနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မော်တော်ယာဉ်အချက်ပြစနစ်များ၊ မော်တော်ဆိုင်ကယ်စီးဦးထုပ်များကို သတ်မှတ်ထားသည့်အတိုင်း အသုံးမပြုခြင်းတို့သည် အန္တရာယ်ဖြစ်မှုကို ပိုများစေသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု အားနည်းချက်များကြောင့် နှစ်စဉ် ယာဉ်တိုက်မှုအမျိုးမျိုးဖြစ်ပွားလျက်ရှိပြီး လူ့အသက်များ သေဆုံးခြင်း၊ လူ့ခန္ဓာကိုယ်များ ပျက်စီးဆုံးရှုံးဒဏ်ရာရရှိခြင်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပေရာ တန်ဖိုးရှိသော လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးရေးနှင့် ကြပ်မတ်အရေးယူဆောင်ရွက်ရေးတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်နေမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)