Skip to main content

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆတက်ထမ်းပိုး သယ်ပိုးစွမ်းဆောင်

နယ်ချဲ့အင်္ဂလိပ်တို့က ၎င်းတို့၏ စစ်ရေး၊ နိုင်ငံ‌ရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိရန်ရည်ရွယ်၍ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်-ပြည်ရထားလမ်းကို ဖွင့်လှစ်ခဲ့ရာ ယင်းသည် မြန်မာ့ရထားပို့ဆောင်ရေးလုပ်ငန်း၏ သမိုင်းအစပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းထက် တစ်နှစ်သာ နောက်ကျသော မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။ ယခု အခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၆ နှစ် ကျော်လာခဲ့ပြီဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆက်လက်သယ်ပိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် - တောင်ကြီး - နောင်ကား လမ်းခွဲ - ပင်းပက်ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်က တောင်ကြီးမြို့ ဘူတာရုံတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးသည်။ ယင်းနောက် အမှာစကားပြောကြားရာတွင် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့မီးရထားနှင့် စပ်လျဉ်း၍ -

-         ခရီးသည်နှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာနှင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊

- လူ၊ ပစ္စည်း၊ ငွေကြေး စသည့်ရှိရင်းစွဲ အရင်းအမြစ်များကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊

-         ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်နေရသည့် ယ‌နေ့အချိန်အခါမျိုး၌ စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ပြီး ခရီးသည်နှင့် ကုန်စည်များကို ကုန်ကျစရိတ်သက်သာစွာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် သယ်ယူပို့ဆောင်ပေးနိုင်သည့် လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာစေရန်အတွက် မြန်မာ့မီးရထားဝန်ထမ်းတိုင်းက မျှော်မှန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည့်အပြင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး၊ မတော် တဆမှုများ လျော့နည်းပပျောက်ရေး၊ ရထားများ အချိန်မှန်ကန်ရေး၊ ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာ‌ရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်း‌ရေး၊ စက်ခေါင်းနှင့် တွဲများ ချွတ်ယွင်းမှု လျော့နည်းရေး၊ ရထားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး ရည်မှန်းချက်များကို  မိမိကိုယ်ပိုင် စီးပွားရေးပမာ ခံယူကြိုးပမ်းကြရန်လည်း မှာကြားခဲ့သည်။

ရထားဖြင့် ခရီးသွားလာရာတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည် စသည်ဖြင့်မြို့ကြီးများတွင် ဘူတာရုံကြီးများမှာ မြို့လယ်များတွင် တည်ရှိပြီး တိုက်ရိုက်ရောက်ရှိနိုင်သည့်အပြင် စရိတ်စက အားဖြင့် များစွာသက်သာသည့် အားသာချက်ရှိသည်။ သို့ရာတွင် ရထားစီးနင်းရသည့် ကြာမြင့်ချိန်၊ ရထားဝင်ချိန် ထွက်ချိန်၊ ရထားလက်မှတ်ဝယ်ယူရသည့် စနစ်၊ ဝန်ဆောင်မှုစသည်တို့တွင် ပုဂ္ဂလိကယာဉ်လိုင်းများကို စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ရန် များစွာကြိုးပမ်းအားထုတ်ရန် လိုမည်ဖြစ်သည်။ ထို့အပြင် မြန်မာ့မီးရထားသည် သမိုင်းတစ်လျှောက်တွင် ဒုတိယကမ္ဘာစစ်၏ ဒဏ်ကို ကြီးမားစွာခံခဲ့ရသလို ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများ၏ ဒဏ်ကို အကြိမ်ကြိမ်အဖန်ဖန်ခံခဲ့ရသည့်နည်းတူ လက်ရှိအချိန်ကာလတွင်လည်း အဖျက်သမားတို့၏ နှောင့်ယှက်ဖျက်ဆီးမှုများကို ကြိမ်ဖန်များစွာ ခံနေရဆဲဖြစ်သည်။ ရထား၏ အားသာချက်များကြောင့် ရထားကိုသာ မဖြစ်မနေစီးလိုသည့် ခရီးသည်များ ရှိနေသည့်တိုင်အောင် အကြမ်းဖက်အဖျက်လုပ်ရပ်တို့က အကြောင်းကိစ္စအမျိုးမျိုးဖြင့် သွားလာကြရမည့် ရထားစီးခရီးသွား တို့ကို လျော့နည်းစေလျက်ရှိသည်။

မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် မြန်နှုန်းမြင့် ရထားလမ်းများ ဖောက်လုပ်ပြေးဆွဲသည်အထိ ရထားလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်ရာ မြန်မာ့မီးရထားအနေဖြင့် ရှိရင်းစွဲ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချ၍ စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်စွမ်းကို    မြှင့်တင်ပြီး နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးစွမ်းဆောင်နိုင်ပါစေကြောင်း။         ။