Skip to main content

ရိုးရာယဉ်ကျေးမှုအစဉ်အလာများမြှင့်တင်

ဘာသာတရားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများ ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံအေးချမ်းသာယာဝပြောလျက်ရှိသည်။ ကောင်းမြတ်သည့် ဘာသာတရား၏ အဆုံးအမညွှန်ပြမှုများနှင့် အစဉ်အလာယဉ်ကျေးမှုတို့သည် တိုင်းရင်းသားလူမျိုး အစုအဖွဲ့အသီးသီးတွင် ကိုယ်စီရှိကြသည်။ အဆိုပါအစဉ်အလာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး  လေးစားခြင်း၊  ကိုင်းညွတ်ခြင်း၊  စည်းလုံးခြင်း၊  ပျော်ရွှင်ခြင်းတို့ ပြည့်လျှံနေသဖြင့် အေးချမ်းသာယာ ချမ်းမြေ့ပျော်ရွှင်မှုများ ပြည့်စုံသည့်နိုင်ငံဟု ဆိုနိုင်သည်။

ထေရဝါဒဗုဒ္ဓဘာသာတရားကိုအကြောင်းပြု၍ စည်းလုံးချစ်ကြည်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ညွှန်းဆိုပြပါဆိုလျှင် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအနက်မှ ရှမ်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့အစဉ်အလာပွဲတစ်ခုကို ညွှန်းဆိုရမည်ဖြစ်သည်။  သီတင်းကျွတ်လဆန်း ၁ ရက်(အောက်တိုဘာလ ၁၅ရက်) မှ သီတင်းကျွတ်လဆုတ် ၃ ရက် (နိုဝင်ဘာလ၁ရက်)အထိ ရက်သတ္တပတ် နှစ်ပတ်ကြာကျင်းပသည့်    အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်တွင် ဗုဒ္ဓဘာသာဝင် ရှမ်းတိုင်းရင်းသားများသာမက မြန်မာပြည်တစ်ဝန်းမှ တိုင်းရင်းသားပြည်သူများပါ လာရောက်၍ ကုသိုလ်ပြုကြ၊ ပျော်ရွှင်ကြ၊ လေ့လာကြသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်ဆည်းကပ်မှု အနေဖြင့်သာမက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကိုပါ ဖိတ်ခေါ်ဆွဲဆောင်နိုင်သည့် ခရီးသွားပွဲတော်တစ်ခုအနေဖြင့် ရှုမြင်နိုင်သည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို အင်းသားရိုးရာဆွဲလှေ ၂၃ စင်းဖြင့် အင်းလေးဒေသ ဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံပင့်ဆောင်ပြီး ဟဲယာရွာမစံကျောင်းတော်သို့ ကြွချီအပူဇော်ခံသည်။ အပူဇော်ခံစဉ်ကာလအတွင်း တိုင်းရင်းသားပြည်သူအပေါင်းတို့ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုနိုင်ကြသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် ဘာသာရေးသက်သက်သာ မဟုတ်ဘဲ မြတ်စွာဘုရားရှင်အား ဦးထိပ်ထားပြီး ရှမ်းတိုင်းရင်းသားအင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာဓလေ့နှင့် အားမာန်များကို ထုတ်ဖော်လှစ်ဟသော ပွဲတော်ဖြစ်သည်။     အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားစံကျောင်းတော်သို့ ပင့်ဆောင်အပူဇော်ခံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ပင့်ဆောင်ပူဇော်ရာ ပြည်သူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုကြသည်။ ပင့်ဆောင်ပူဇော်ပွဲတွင် တိုင်းရင်းသားရိုးရာအကဖွဲ့များက ကန္နရီကန္နရာအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ တိုးနယားအက၊ အင်းတိုင်းရင်းသား မီးဆုခံအက၊ ဓားသိုင်းအက၊ ပအိုဝ်းတိုင်းရင်း သားအက၊ ရှမ်းကြီးအက စသည့်အကများဖြင့် ဖျော်ဖြေကြသည်။

ကမ္ဘာပေါ်တွင် တစ်မူထူးခြားသည့် လှေကို လက်ဖြင့်မလှော် ခြေဖြင့်လှော်သော ယဉ်ကျေးမှုကို အင်းလေးကန်တွင်တွေ့နိုင်သည်။ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသည် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်၏ အဓိကကျသည့် အထိမ်းအမှတ်လက္ခဏာဖြစ်ပြီး အမျိုးသား (၄၆) တက် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသား ရာကျော်လှေ အင်းသားရိုးရာလှေပြိုင်ပွဲ၊ အမျိုးသမီး (၂၆)တက် အင်းသားရိုးရာ လှေပြိုင်ပွဲများ အသီးသီးလှော်ခတ်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်အင်းသားအင်းသူတို့သည် ပြိုင်ပွဲအမျိုးအစားအလိုက် အနိုင်မခံ      အရှုံးမပေးစိတ်ဓာတ်များဖြင့် အားကြိုးမာန်တက်ယှဉ်ပြိုင်ကြရာ နိုင်ငံတော်အကြီးအကဲနှင့် ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပမှ ဧည့်သည်များက တစ်ခဲနက်အားပေးခဲ့ကြသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားမှုမြင့်မားသည့် ထူးခြားလေးနက်သည့်ပွဲတော်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် ဘာသာတရားနှင့် သမိုင်းယဉ်ကျေးမှုဖြစ်စဉ်တော်များကို နှစ်ပေါင်းရာချီ၍ မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့သော ဘာသာတရားကိုအခြေခံသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အစဉ်အလာပွဲတော်ဖြစ်သည်။ ကုသိုလ်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြပြီး ကောင်းခြင်းမင်္ဂလာတို့ ဆောင်ကြဉ်းနိုင်ကြသည်သာမက ပျော်ရွှင်ချမ်းမြေ့မှု၊ တက်ကြွလန်းဆန်းမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါင်းစုပေးစွမ်းနိုင်သော တိုင်းရင်းသားရိုးရာအစဉ်အလာပွဲတော်ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီရောက်သည်နှင့် ပွဲတော်မင်္ဂလာအခမ်းအနား မျိုးစုံပြုလုပ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး   လူမှုစီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။

ကောင်းမြတ်သည့်အစဉ်အလာများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ ပေါများသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများ စိတ်နှလုံးချမ်းမြေ့ပြီး သာယာပျော်ရွှင်မှုအပေါင်းနှင့် ပြည့်စုံစေရန်အတွက် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကဲ့သို့  စည်းလုံးညီညွတ်မှုနှင့်ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည့်ပွဲတော်များ အစဉ်အလာမပျက်    ကျင်းပနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။                   ။