သီဆို၊ ကခုန်၊ တီးမှုတ်ကြသည့် ယဉ်ကျေးမှုအလေ့အထများက လူသားတို့၏ သမိုင်းအစမှာပင် ရှိခဲ့လိမ့်မည်ဟု ပညာရှင်တို့က အနုမာနအားဖြင့် မှန်းဆကြသည်။ စာပေအက္ခရာ အရေးအသားတို့ ပေါ်ပေါက်လာသည့်အခါတွင် ရေးဖွဲ့ခြင်းအနုပညာလည်း ပေါ်ထွန်းလာသည်။ မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးတို့နှင့် စပ်လျဉ်း၍ အစောဆုံးအထောက်အထားများကို ပျူခေတ်တွင် တွေ့ရှိရခြင်းဖြစ်သည့်အတွက် သီဆို၊ ကခုန်၊ တီးမှုတ်ခြင်း ယဉ်ကျေးမှုတို့ ယင်းထက်စော၍ တည်ရှိနေပြီဟု ဆိုနိုင်သည်။
အနုပညာယဉ်ကျေးမှုတို့သည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်ပြီး ပျောက်ပျက်လွယ်သည့်အားလျော်စွာ ပျူခေတ်၊ ပုဂံခေတ်တို့တွင် သီဆိုခဲ့ကြသည့် သီချင်းများ၊ ကခုန်ခဲ့ကြသည့် ကကြိုးကကွက်များ၊ တီးမှုတ်ခဲ့ကြသည့် တေးသံစဉ်များကို ယနေ့ခေတ်တွင် မကြားနိုင်၊ မတွေ့နိုင်တော့။ ရုပ်တုရုပ်ထွင်းများနှင့် နံရံဆေးရေးပန်းချီများ၊ ကျောက်စာအထောက်အထားများအရ သိရှိရသည့် ပျူခေတ်၊ ပုဂံခေတ်က တူရိယာများကိုလည်း မတွေ့ရှိနိုင်တော့။ ပင်းယခေတ်တွင် စိတ်ဓာတ်တက်ကြွဖွယ်ရာ သီဆိုကခုန်ခဲ့ကြ သည်ဆိုသည့် ‘‘ကာချင်း” များကို စာပေမှတ်တမ်းအရသာ သိရှိနိုင်ကြသော်လည်း သံနေသံထားမည်ကဲ့သို့ သီဆို၍ မည်သည့် ဟန်ပန်ဖြင့် ကခုန်ခဲ့သနည်း စသည်စသည်ဖြင့် ကြွယ်ဝလှသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များမှာ တစ်ခေတ်ပြီးတစ်ခေတ် ဝေး၍ဝေး၍ မှုန်ဝါးပျောက်ကွယ်ခဲ့ကြပြီဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုနှစ်တွင် (၂၄) ကြိမ်မြောက် ခဲ့ပြီဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများသည် ရည်ရွယ်ချက်အားဖြင့် ရိုးရာအစဉ်အလာ တည်ရှိခဲ့သော အနုသုခုမပညာရပ်များကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းသာမကသည့်ထက်ပိုမိုသည့် ရည်ရွယ်ချက်များလည်းပါရှိသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်(၄)ရပ်သည် ယခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပရာတွင် မျှော်မှန်းထားသည့် အကျိုးရလဒ်များပင်ဖြစ်သည်။
မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အားလျော်စွာ နိုင်ငံအသီးသီးတို့မှ ယဉ်ကျေးမှုများ ကူးလူးယှက်သွယ်မှုများက လွန်စွာလျင်မြန်လှသလို နည်းပညာကိုအသုံးချ၍ ယဉ်ကျေးမှုဖြန့်ဝေတင်ပို့မှုများကိုလည်း တွေ့မြင်နိုင်သည်။ ထို့အပြင် မိမိတို့နိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပမှ မသမာသူအဖျက်သမားများက ပြုလုပ်လျက်ရှိကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကိုပါ သေးသိမ်အောင်၊ ညစ်နွမ်းအောင်၊ ပျက်စီးရာပျက်စီးကြောင်း နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်း၏ ရည်ရွယ်ချက်များ အတိုင်း အောင်အောင်မြင်မြင် ဆောင်ရွက်ခြင်းသည် အမျိုးသားယဉ်ကျေးမှုမျက်နှာစာမှနေ၍ နိုင်ငံနှင့်လူမျိုးတို့အား ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်ဟုခံယူကာ တစ်မျိုးသားလုံးက အားပေးကြရပါမည့်အကြောင်း။ ။