Skip to main content

စိုက်ပျိုး မွေးမြူ ကုန်ထုတ်တိုး‌ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်‌ရေးဟူသော စီးပွားရေးဦးတည်ချက်တစ်ရပ်လည်းပါဝင်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံ့လူဦးရေ၏သုံးပုံနှစ်ပုံခန့်က တိုက်ရိုက်အားဖြင့်လည်းကောင်း၊ ဆက်စပ်၍လည်းကောင်း ပါဝင်ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍများဖြစ်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားကိုအထောက်အကူပြုနိုင်မည့်အပြင် ကျေးလက်ပြည်သူများ၏ လူမှုဘဝများကိုလည်း တိုးတက်စေမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့သည် မြေယာကိုအခြေပြုလုပ်ကိုင်ကြရသော လုပ်ငန်းများဖြစ်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြုသော လုပ်ငန်းများလည်းဖြစ်သည်။ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေး၊ ကျေးလက်တောင်သူများ ဝင်ငွေတိုးတက်ရရှိရေးနှင့် လူနေမှုအဆင့်မြင့်မားလာရေး၊ စိုက်ပျိုးမွေးမြူထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့အပြင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လယ်ယာကဏ္ဍ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိရေး လျာထားဆောင်ရွက်လျက်ရှိရာ လယ်ယာ စိုက်ပျိုးရေးအပိုင်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် သားငါးအပိုင်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားကြရမှာဖြစ်သည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာတွင်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းစနစ်များကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး လက်တွေ့အကျိုးရှိစွာ အသုံးပြုနိုင်သည့် နည်းလမ်းများကို တီထွင်ကြံဆဆောင်ရွက်သွားကြရန် လိုအပ်သည်။ ‘‘စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့်မြေများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရိက္ခာများဖူလုံသင့်သလောက်ဖူလုံခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉ သန်းရှိပြီး ၆ သန်းကျော်သာ သီးထပ်စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးသည့်အချိန်တွင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့် အခြားသီးနှံများကိုစိုက်ပျိုးကြပြီး ကျန်ရှိသည့် ၇ သန်းကျော်တွင် သီးထပ်များ စိုက်ပျိုးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ စိုက်ပျိုးခြင်းမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံရေသယံဇာတများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေများရရှိရေး ကြိုးပမ်းဆောင်ရွက်ပြီး မြေကိုအကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက စားရေရိက္ခာများဖူလုံပြည့်ဝလာမည်ဖြစ်ကြောင်း” ယခုနှစ် ဇူလိုင်လအတွင်း UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးဆွေးနွေးရာတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် စားရေရိက္ခာဖူလုံရေးအတွက် အောင်အောင်မြင်မြင် စိုက်ပျိုးမွေးမြူ ဆောင်ရွက်နိုင်မည့် ရေမြေသယံဇာတများနှင့် အလုပ်လုပ်ကိုင်နိုင်သည့် လူသားအရင်းအမြစ်များ ပြည့်စုံစွာရှိနေသော်လည်း ဝယ်လိုအားနှင့်ရောင်းလိုအားမျှတမှုမရှိခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ရှိသင့်သည့်ကုန်ဈေးနှုန်းထက် ပိုမိုကြီးမြင့်လျက်ရှိသည်။ စိုက်ပျိုးနိုင်သည့်မြေကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ပေးခြင်း၊ ခေတ်မီစိုက်ပျိုး‌ရေးနည်းပညာများ အကူအညီပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ကြိုးပမ်းဆောင်ရွက်ခြင်းတို့အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းဆောင်ရွက်ကာ စိုက်ပျိုးမွေးမြူကုန်ထုတ်တိုးရေး ကြိုးပမ်းကြရပါမည့်အကြောင်း။ ။