Skip to main content

သတင်းအချက်အလက်သိနားလည်မှု

လူတို့သည် မိမိနိုင်ငံ၊ မိမိပတ်ဝန်းကျင်မှ ဖြစ်ပေါ်တိုးတက်မှုများကိုသိလိုကြသည်။ သတင်းဟူသည် လူတို့အတွက်အာဟာရတစ်မျိုး။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟုဆိုသည်။ လူတို့၏သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်းသိလိုကြသည်။ ကောင်းသတင်းအသိသည် လူတို့၏ဦးနှောက်အသိပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ မြော်မြင်ဉာဏ်အတွက် အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့်ကျင်ဘက်အားဖြစ်သည်။

သတင်းအချက်အလက်နှင့်ပတ်သက်သည့် ကောင်းကျိုး၊ ဆိုးပြစ် အတွေးအမြင်နှစ်မျိုးအနက် လူအများအပေါ်၌ အဆိုးမြင်အတွေးအခေါ်များ လွှမ်းမိုးအားကောင်းလာအောင် ဖန်တီးမှုများ ကြီးထွားလာသောကာလတွင် မှန်ကန်သည့်သတင်းအချက်အလက်သိနားလည်မှုများ ရရှိဖြစ်ထွန်းလာအောင် ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့ကြိုးပမ်းဆောင်ရွက်ရာတွင် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy Week) လှုပ်ရှားမှုသည် လူအများအတွက် ကောင်းကျိုးများဆောင်ကြဉ်းပေးနိုင်သည်ကို တွေ့မြင်လာရသည်။

နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်တွင် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရက်သတ္တပတ်အဖြစ် UNESCO (ယူနက်စကို) က သတ်မှတ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအားလုံးအတွက် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာတိုးတက်မှုကို ပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှုအခြေအနေ တိုးမြင့်လာစေရန်နှင့် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာတိုးတက်မှုကိုဂုဏ်ပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြည်သူလူထုအသိပညာများမြှင့်တင်မှု၊ စည်းရုံးလှုံ့ဆော်မှုများကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ်ကို ၂၀၁၈ ခုနှစ်မှစတင်၍ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်၏ဆောင်ပုဒ်မှာ “Media and Information Literacy in Digital Spaces; A Collective Global Agenda” “ဒစ်ဂျစ်တယ်ခေတ်ကာလမှာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုဟူ၍ဖြစ်သည်။ ရက်သတ္တပတ်လှုပ်ရှားမှုသည်ပြည်သူများ မီဒီယာနှင့်သတင်းအချက်အလက်များ သိနားလည်စေရန်အတွက် အတိတ်ကဆောင်ရွက်ချက်များကို ချီးကျူးဂုဏ်ပြုခြင်းဖြစ်သလို မျက်မှောက်နှင့် အနာဂတ်ကာလတွင် ပြည်သူလူထုပိုမိုသိနားလည်စေရန် လှုပ်ရှားဆောင်ရွက်ခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများကို အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများ အထူးသဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ လူငယ်လူရွယ်များ၊ ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများကို မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ လေ့လာရေးပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်းများ၊ လူငယ်လူရွယ်များ လူ့စွမ်းအားအရင်း အမြစ်ကောင်းများဖြစ်လာမည်။ သတင်းတု၊ သတင်းမှားများနှင့် သတင်းမှန်ကို ခွဲခြားသိမြင်ပြီး လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် အမုန်းစကားများကို ဝိုင်းဝန်းဖြေရှင်းနိုင်မည်။ ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းဖြစ်လာစေရေးအတွက် မြော်တွေးဆောင်ရွက်နိုင်မည်ဖြစ်သည်။

လွတ်လပ်သည့် စာနယ်ဇင်းဟုဆိုသော အနောက်မီဒီယာများသည် ဘက်လိုက်မှု၊ နိုင်ငံရေးသွတ်သွင်းမှုများရှိခဲ့သည်။ မီဒီယာကိုလက်နက်သဖွယ် အသုံးချမှုများရှိသည်။ တိုင်းပြည်တစ်ပြည်၏ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်အောင် တွန်းအားပေးခဲ့သည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နေကြသည့် အနောက်သတင်းသမားများ၊ အနောက်သတင်းဌာနများ ရှိနေဆဲဖြစ်သည်။ ယခုအခါ အနောက်မီဒီယာများ၏ အပြုသဘောမဆောင် အကောင်းမမြင်သည့် သဘောထားများကို နားလည်လာကြသည်။ နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသော ပုံကြီးချဲ့ကားထားသောသတင်း၊ နိုင်ငံနှင့်လူမျိုးတို့အပေါ် နှိမ်ချချိုးဖျက်သောသတင်း၊ ပျက်စီးရာပျက်စီးကြောင်းသတင်း၊ အကြမ်းဖက်အဖျက်သမား အားပေးသောသတင်း၊ ထင်ယောင်ထင်မှား စိုးရိမ်ပူပန်စေသောသတင်းများကို ခွဲခြားနားလည်လာကြပြီဖြစ်သည်။

သို့ဖြစ်ရာ ယခုရက်သတ္တပတ်လှုပ်ရှားမှုများမှတစ်ဆင့် ပြည်သူများအား ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုစွမ်းရည်များ ပိုမိုတိုးမြှင့်ဖော်ဆောင်ပေးနိုင်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် လူ့အဖွဲ့အစည်းများပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။          ။